မဲခေါင်၊ ဇူလိုင် ၂၄
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်တိန်းချောင်း ရေတက်လာပြီး ချောင်းဘေးတစ်လျှောက် ရေလွှမ်းလာနေသဖြင့် ချောင်းကမ်းနားနေသူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဇူလိုင် ၂၂ရက်မှစ၍ နေ့ရောညပါဆက်တိုက် ရွာသွန်းနေသည့်မိုးကြောင့် နမ့်တိန်းချောင်း ရေတိုးလာခြင်းဖြစ်ပြီး ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီကျော်တွင် ရေတက်တအားမြန် သဖြင့် ပြည်သူများ အမြန်ပြောင်းရွှေ့ခဲ့ရပြီး ယနေ့ဇူလိုင် ၂၄ ရက်မနက်အထိ မိုးရွာနေဆဲဖြစ်ကာ ချောင်းရေမကျသေးကြောင်း ဒေသခံများထံမှ သိရသည်။
“ရေတက် တအားမြန်တယ်။ ခဏလေးတင်စျေးပိုင်း ရောက်လာတာ၊ မနှစ်ကဆို တစ်ရက်၊ ၂ ရက်ကြာမှ တက်တာ ခုက တအားမြန်တယ်” ဟု လင်းခေးဒေသခံတစ်ဦးက ပြောသည်။
လင်းခေး တံတားဟောင်း ဒါးဆိပ်နှင့် ဝီလပ်လင်းခေး ဆိုင်းဘုတ်များဘက်တွင် ပိုရေတက်လာနေပြီး တံတားကို ရေထိနေပြီ ဖြစ်ကြောင်း သိရသည်။
နမ့်တိန်းချောင်းသည် နှစ်စဥ် မိုးရာသီတွင် မိုးရွာသွန်မှု အနည်းအများအပေါ်မူတည်ပြီး ချောင်းရေလျှံခြင်း ဖြစ်တတ်ပြီး ယမန်နှစ်က စက်တင်ဘာလမှသာ ရေ ၃ ကြိမ်ခန့် တက်ခဲ့သော်လည်း ယခုနှစ်အတွက်မူ ဇူလိုင် ၂၃ ရက်တွင် စောစီးစွာ ထူးကဲချောင်းရေ တက်နေခြင်းဖြစ်သည်။
ဝီဖာမုန်တိုင်း အရှိန်သက်ရောက်မှုကြောင့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ၊ မိုင်းကိုင်၊ ခိုလန်၊ ကျိုင်းတောင်း မှ နမ့်တိန်း၊ နမ့်ပန်၊ နမ့်ယွန်းချောင်းများအနီးနေ ပြည်သူများနှင့် မြေအနိမ့်ပိုင်းနေသူများအားလုံး ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်ကြောင်း မိုးဇလက တိုက်တွန်းထားသည်။
ယမန်နေ့ ဇူလိုင် ၂၃ ရက် ည ၇ နာရီတွင် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တောင်ဘက်၊ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ချင်းရိုင်လေဆိပ်အနီးမှ Mae-Yao Ban-Pa-O station မှာ မိုးရေချိန် ၁၀၅ မီလီမီတာ (၄ လက်မအထက်)မိုးရွာသွန်းခဲ့ကြောင်းနှင့် မိုးတိမ်များသည် ရှမ်းပြည်တောင်ပိုင်းဒေသအချို့ဆီ ဆက်လက်ရွေ့လျားလာပြီး နေရာအချို့မှာ မိုးများမည်ဟု ခန့်မှန်းထားပါသည်။
မဟာ
#MeKongNews
#လင်းခေး
#နမ့်တိန်းချောင်း
#ရေကြီး
#ဝီဖာမုန်တိုင်း








