မဲခေါင်၊ ဇူလိုင် ၂၃
နယ်စပ်မှ ကုန်စည်တင်သွင်းမှု တင်းကြပ်လာပြီးနောက်ပိုင်း တရုတ်ကြူကုတ် ကြက်သွန်ဖြူအဝင်နည်းပြီး ဈေးနှုန်းမှာ ၂ ဆနီးပါး ဈေးမြင့်တက်လာကြောင်း ရှမ်းပြည်တောင်ပိုင်း ကုန်သည်စည်ဈေးကွက်အတွင်းမှ သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ ရှမ်းပြည်အရှေ့ပိုင်းမှ ကုန်စည်များကို ရှမ်းတောင်ဘက်သို့ တက်ပို့မှု ကန့်သတ်လာပြီး အစစ်အဆေးများလာသဖြင့် ကုန်စည်စီးဆင်းမှု လျော့ကျလာခဲ့သည်။
အောင်ပန်း ကုန်စိမ်းပွဲရုံ၏ ဈေးနှုန်းဖော်ပြချက်များအရ ဇူလိုင်လ ၁၃ ရက်နေ့အထိ တရုတ်ကြူကုတ် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိသာလျှင် ကျပ် ၉၀၀၀ သာ ရှိနေရာမှ ဇူလိုင်လ ၁၄ ရက်နေ့တွင် တပိသာ ကျပ် ၁၅၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ ရက်နေ့ တွင် တပိသာ ၁၆၀၀၀ ကျပ်သို့ ရောက်ရှိလာသည် ဟု ဖော်ပြထားသည်။
“အဝင်မရှိတော့လို့ပါ။ ရှမ်းမြောက်ကလည်း လာလို့ သွားလို့ မကောင်းဘူးလေ။ လမ်းမှာ ဂိတ်ကြေးတွေနဲ့ တင်သွင်းရတာလည်း မကိုက်တော့ဘူးလေ” ဟု ကုန်သည်တစ်ဦးက ပြောသည်။
တရုတ်ကြူကုတ်ကြက်သွန်ဖြူများကို ရှမ်းမြောက် တရုတ်နယ်စပ်ဒေသများနှင့် ရှမ်းအရှေ့တရုတ်နယ်စပ် မိုင်းလားဒေသတို့မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းပွဲရုံများသို့ တင်ပို့ခြင်း ဖြစ်ပြီး ယင်းမှတဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်စစ်ဆေးမှု တင်းကြပ်လာပြီး ရှမ်းအရှေ့မှ ကုန်စည်များ ဝင်ရောက်မှု မရှိသလောက်ဖြစ်ကာ တရုတ်ကြူကုတ်ကြက်သွန်ဖြူမှာလည်း တင်သွင်းမှု လျော့ကျလာခြင်းဖြစ်သည်။
ပြည်တွင်းတွင် ထွက်ရှိသည့် ကြက်သွန်ဖြူဈေးနှုန်းများမှာ ထူး ၁ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ထူး ၂ တစ်ပိဿာ ၅၀၀၀ကျပ်၊ ထူး ၃ တစ်ပိဿာ ၆၀၀၀ ကျပ်၊ ထူး ၄ တစ်ပိဿာ ၆၅၀၀ကျပ်၊ ထူး ၅ တစ်ပိဿာ ၇၅၀၀ ကျပ်၊ ထူးလွန် တစ်ပိဿာ ၈၅၀၀ ကျပ် နှင့် ကြက်သွန်ဖြူ တစ်လုံးဥ တပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြား ဈေးရှိသည်ဟု အောင်ပန်းပွဲရုံတခုက ဖော်ပြထားသည်။
ကြူကုတ်ကြက်သွန်ဖြူမှာ ပြည်တွင်းထွက် ကြက်သွန်ဖြူများထက် အစပ်ပေါ့ခြင်း၊ အရောင်နှင့် အလုံးလှခြင်းတို့ကြောင့် စားသောက်ဆိုင်များ၊ အထူးသဖြင့် တရုတ်စားသောက်ဆိုင်များတွင် အသုံးများကြောင်း သိရသည်။
ဖေသန်း
#MeKongNews
#ကြက်သွန်ဖြူ
#ကြူကုတ်ကြက်သွန်ဖြူ
#တရုတ်နယ်စပ်
#ကုန်သွယ်မှု








