မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ပန်ပန်ချောင်းရေတိုးကာ တာတမံပြိုကျပြီး လယ်များ ရေလွှမ်းကာ ကားလမ်းများရေကျော်သဖြင့် ကုန်းကျိုင်းရွာမှ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မိုင်းပန်မှ မိုင်းတုံဘက် အသွား ဆံရှည်ဘုန်းကြီးကျောင်း သွားကားလမ်းပေါ်ရှိ ကုန်းကျိုင်းရွာတွင် ရွာရှိ အိမ်ထဲ ရေဝင်သဖြင့် လူကြီးများက ပစ္စည်းများရွှေ့ပြောင်းနေစဥ် ကလေးကို ဂရုမစိုက်မိရာက ရေထဲမျောပါ သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။
“အိမ်က ၂ ထပ် ကလေးပြုတ်ကျတာမသိကြတာ။ လိုက်ရှာတော့ သေနေခဲ့ပြီ။ မနေ့ညနေကပဲ တခါတည်း သင်္ဂြိုလ်တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ဇူလိုင် ၁၈ ရက်တွင် ပြောသည်။
ဇူလိုင် ၁၇ ရက် ညနေပိုင်းက နမ့်ပန်ချောင်းတာတမံ ကျိုးပျက်သဖြင့် မိုင်းပန်အရှေ့အုပ်စု တောင်ကိုင်း၊ ဟိုဖိုင်လုံ၊ ပါခါး၊ဝမ်လန်း၊ နားပင်ရွာရှိ လယ်ဧကရာချီ ရေလွှမ်းမိုးခံရခြင်း ဖြစ်သည်။
“တချို့က စိုက်ဆဲ၊ တချို့က ပျိုးနှုတ်ထားဆဲ အဲလယ်တွေကတော့သွားပြီ။ ပျိူးတွေ ရေထဲမျောပါ ကုန်ပြီ။ ရေကျသွားမှ လယ်ပျက်မပျက်သိမှာ” ဟု ဝမ်လန်းရွာခံတစ်ဦးက ပြောသည်။
ယမန်နှစ် ရေကြီးစဥ်က လယ်ဧကထောင်ချီပျက်စီးခဲ့ရပြီး ယခုစိုက်ပျိုးရေးရာသီအစတွင်လည်း ရေဒဏ်ခံရသဖြင့် လယ်သမားများ နလံထူနိုင်ရန် စိုက်ပျိုးရေးဌာန၏အကူအညီလိုအပ်နေကြောင်း ပြောသည်။
“မနှစ်က လယ်ထောင်ချီပျက်တာ စိုက်ပျိုးရေးကိုအထက်က ချပေးတာက ရာပိုင်းပဲဆိုတော့ အကူ အညီက၊ ကန်သင်းချင်းစပ်လယ်ချင်းတောင် ရသူရ၊ မရသူမရနဲ့” ဟု ပြောသည်။
ကားလမ်းများပေါ် တွင်လည်း ချောင်းရေနှင့်အတူ ပို့ချလာသည့် ရွှံ့နွံများကြောင့် အနိမ့်ကားများ သွားလာ၍ အဆင်မပြေသည့်နေရာ ၅ နေရာခန့်ရှိပြီး ယာဥ်မောင်းများသတိထားသွားလာကြရန် သတိပေးနေကြပြီး ယနေ့နံနက်ပိုင်းအထိ မြို့ဘော်လုံးကွင်းဘက်တွင် ရေများလွှမ်းနေဆဲဟု ဆိုသည်။
မဟာ
#MeKongNews
#မိုင်းပန်
#ရေကြီးနစ်မြုပ်
#ကလေးငယ်
#သေဆုံး








