မဲခေါင်၊ ဇူလိုင် ၁၇
ကျိုင်းတုံမြို့၊ ရပ်ကွက် ၄ ရှိ နောက်တန်၊ နောင်ခွန်ရွာ၊ ကတ်ဖလမ်းတွင် ရွာခံများမပါပဲ အခြားပြင်ပလူများက လောင်းကစားဝိုင်းလာဖွင့်သည့်အတွက် ဒေသခံများက မလိုလားကြကြောင်း သိရသည်။
ယင်းလောင်းကစားဝိုင်းများမှာ ဇူလိုင်လ ၁၅ ရက်က စတင် ဖွင့်လှစ်လာခြင်းဖြစ်ပြီး ၃ လခန့် ဖွင့်မည်ဖြစ်ကြောင်း သိရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ရွာကို ဘာမှ အသိမပေးပဲ အုပ်ကြီးနဲ့ ဒိုင်တွေလုပ်ကြတာ။ အခွန်က တစ်ဝိုင်းကို တည ဘတ် ၅၀၀ နဲ့ အထက်ကြားတယ်။ အခွန်က အမျိုးမျိုးပေါ့။ တမ်ဆီ၊ ကုန်းဂင်း၊ ပိုက်ကျူး၊ ဖိုက်(ဖဲ)ဝိုင်းတွေ သာမကဘူး ကြက်ဝိုင်းပါ ပါတယ်။ သူခိုးတွေ လူတွေရှုပ်လာတယ်။ လူတွေ ဒုက္ခရောက်မယ်။ အထက်ဌာနက လာစုံစမ်းစေချင်ပါတယ်” ဟု ၎င်းက မဲခေါင်သို့ ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ပြောသည်။
လောင်းကစားဝိုင်းများကို ဘုန်းကြီးများလည်း လာရောက်ကစားနေသည့်အတွက် အမြင်မတော်ဘဲ သာသနာညိုးနွမ်းမှု ဖြစ်စေသည့်အတွက် ရွာခံများက မလိုလားဟု ဆိုသည်။
“တချို့က ဘုန်းကြီးပုံကို မတင်စေချင်ဘူး။ ကိုယ့်ဗုဒ္ဓဘာသာထိခိုက်မှာ စိုးလို့တဲ့လေ။ အခြားဘာသာ မမြင်စေချင်ဘူးပေါ့။ ဘုန်းကြီးဆိုတာ လူလိုမလုပ်ရဘူးလေ။ ကိုးကွယ်ရာအနေနဲ့ သန့်စင်စေချင်လို့ သတိပေးတာပါ” ဟု ရွာသူတစ်ဦးက ပြောသည်။
ရွာအနီးတွင် လောင်းကစားဝိုင်းများ ပြုလုပ်လာခြင်းကြောင့် ရွာနာသည့်အပြင် ရန်ပွဲများ၊ ခိုးမှုများ၊ အကျင့်စာရိတ္တပျက်စီးမှုများ ဖြစ်ပွာလာနိုင်သည့်အတွက် လောင်းကစားဝိုင်းများကို အမြန်ဆုံး ဖျက်သိမ်းစေလိုသည်ဟု ရွာသူရွာသားအများစုက ဆိုသည်။
လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို ရပ်ရွာနေပြည်သူများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်တိုင်ကြားခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက လူကိုယ်တိုင်လာရောက်တိုင်ကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews
#ကျိုင်းတုံ
#ရှမ်းအရှေ့
#လောင်းကစားဝိုင်း
#ကတ်ဖလမ်း








