မဲခေါင်၊ ဇူလိုင် ၁၆
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အနီးရှိ မြေအကျယ် ၁၁၇ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းကို လုပ်ဆောင်ရန် လုပ်ငန်းရှင်များကို စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီသည် ၎င်းထိန်းချုပ်ထားနိုင်သည့် ရှမ်းပြည်တောင်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ နှင့် စီမံကိန်းများကို ခပ်မြန်မြန် အကောင်အထည် ဖော်နေသည်။
“တောင်ကြီးဘက်မှာလည်း ဝန်ထမ်းအိမ်ရာစီမံကိန်း လုပ်တော့မယ် လို့တော့ သိရတယ်။ ဝန်ထမ်းတွေကို ပေးဖို့လို့ ပြောတယ်” ဟု တောင်ကြီးမြို့ခံတစ်ဦးက ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် မြေဧရိယာ ၁၁၇ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်ကာ စီမံကိန်းအတွက် လိုအပ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး စသည်တို့ကို အလုံးစုံ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများကို Expression of Interest (EOI) ဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မတိုင်မှီ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်ကာလ ကျော်လွန်လျှင် လက်ခံစဉ်းစားမည် မဟုက် ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖော်ပြထားသည်။
အဆိုပါ အိမ်ရာ စီမံကိန်းသည် နေပြည်တော် နှင့် ရန်ကုန်မြို့မှာကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို တိုက်ခန်းများရောင်းချပေးရန်အတွက် ဖြစ်သည်။
ဖေသန်း
#MeKongNews
#အေးသာယာ
#ရှမ်းတောင်
#ဝန်ထမ်းအိမ်ရာ
#စစ်ကောင်စီ
ပုံ – အငြိမ်းစားဝန်ထမ်းအိမ်ရာစီမံကိန်းတစ်ခု








