မဲခေါင်၊ ဇူလိုင် ၁၄
ဆိုင်ကယ် ပျောက်ဆုံးမှုများပြားနေသည် တာချီလိတ်တွင် ယနေ့နံနက်တွင် ဆိုင်ကယ်သူခိုး ၅ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ်၁၃စီး သိမ်းဆည်းရကြောင်းသိရသည်။
ယနေ့ ဇူလိူင်၁၄ရက်၊ နံနက်၃နာရီခန့်တွင် ခိုးမှုများ ကျူးလွန်တတ်သူ ပိုင်ဝင်းစိုး (ခ) ပိုင်ပိုင် ဆိုသူကို ဝိန်းကျောက် ရပ်ကွက်ရှိ ပုံလို့လမ်းဆုံ နေရာတွင် Honda အမျိုးအစား Zoomar X ဖြူ နက် အရောင် ဆိုင်ကယ်အား စီးနင်းလာသည်ကို ရပ်တန့်စစ်ဆေးရာ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ခိုးရာပါ ဆိုင်ကယ်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
၎င်း၏ ထွက်ဆိုချက်များအရ ၄င်းနှင့် အပေါင်းအပါ သူခိုးများဖြစ်သည့် ဟိန်းမင်းဦး ၊ အောင်ဖြိုး ၊ ပေသီး ၊ သဲစပ်ကုလား တို့၄ဦးအား ထပ်မံ ဖမ်းဆီး ရမိခဲ့ပြီး ၄င်းတို့ ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ် ၁၃ စီးအား ထပ်မံဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ရာ ဆက်လက်၍ ဆိုင်ကယ် သူခိုးများနှင့် ခိုးရာပါ ဆိုင်ကယ်များအား စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်များမှ ခိုးယူခံရသည့် ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် မိမိဆိုင်ကယ်များ ပါရှိပါက မိမိပိုင်ဆိုင်ကြောင်း အထောက်အထားများနှင့် တကွ ဟောင်လိတ် နယ်မြေရဲစခန်းတွင် တိုက်ဆိုင်စစ်ဆေး၍ တရားရုံးတွင် အမှုများပြီးပြတ်ပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။
သို့သော် ဆိုင်ကယ်ခိုးသူများက ဆိုင်ကယ်များကို ပုံပြောင်းထားသည့်အတွက် တိုက်ဆိုင်စစ်ဆေးရန် ခက်ခဲကြောင်း ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောသည်။
“ဆိုင်ကယ်တွေက ကာဗာကအစ ပြောင်းထားတော့ခက်တယ်။ သူခိုးလက်ခံတွေပါ ဖမ်းပြီးစစ်ရမှာ၊ ဘောင်နဲ့ဖရိန် နံပတ်တွေ ရိုက်ထားသူတွေကတော့ အဆင်ပြေမယ်။ ပြီးတော့ ထိရောက်တဲ့ပြစ်ဒဏ်ချဖို့လိုမယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
သူခိုးများမှာ ရဲတပ်ဖွဲ့မှ ယခုလို မဖမ်းဆီးမီက အတင့်ရဲစွာ နေ့နေ့ညည ခြံဝန်း နေအိမ်ထဲများအထိ ကျူးလွန်နေကြခြင်းဖြစ်ပြီး ဆက်လက်မကျူးလွန်နိုင်ကြရန် ထိထိရောက်ရောက် အရေးယူဖော်ထုတ် ဖမ်းဆီးပေးကြစေလိုသည်ဟု တာချီလိတ်ဒေသခံများ က ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ဆိုင်ကယ်ခိုးယူခံရမှု ၂၅ စီး ရှိခဲ့ပြီး ယခုလဆန်းပိုင်းတွင် ၅စီးရှိခဲ့ရာ ယမန်နေ့ ဇူလိုင်လ ၁၃ရက် နံနက်၄နာရီ ခွဲခန့်ကလည်း မယ်ခေါင်ရပ်ကွက်၊ ၄လမ်း အိမ်ခန်းငှါးတွင် ခြံသော့ကို ဖြတ်ပြီး ဆိုင်ကယ်ခေါင်းကိုမပြီး တွန်းထုတ်ခိုးယူသွားမှု ဖြစ်ပွားခဲ့သေးသည်။
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#သူခိုးလက်ခံ
#ရှမ်းအရှေ့








