မဲခေါင်၊ ဇူလိုင် ၁၀
ကရင်နီဒေသ၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့၊ ဝါဆိုလပြည့်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ဝါဆိုလပြည့်ည ၇ နာရီခွဲ ဝန်းကျင်အချိန်တွင် မော်ချီးတောင်ပေါ်ရှိ လိုလော်ထီးရွာကို စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၂ ဦး အပါအဝင် မိသားစုဝင် ၅ ဦးလုံး သေဆုံးသွားကာ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဟိုတစ်ခါလည်း ခဲကျင်းပေါ်ဗုံးချလို့ ၇ ဦး သေရပြီ။ ခုလည်း သေရပြန်ပြီ။ စစ်လေယာဥ်က အရပ်သားတွေကိုပဲ သတ်နေတာ” ဟု ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ဖားဆောင်းမြို့နယ်၊ မော်ချီးတောင်ပေါ်ရွာအောက် ခဲကျင်း (ခဲသတ္ထုတူးဖော်ရေးလုပ်ငန်း) အပေါ် ဗုံးကြဲခံခဲ့ရပြီး လူ ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်အထိ ရှိခဲ့သည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး IEC က ကရင်နီပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ပြီး ၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဟာ
#MeKongNews
#မော်ချီးဒေသ
#ဖားဆောင်း
#စစ်ကောင်စီ
#ဗုံးကြဲ








