မဲခေါင်၊ ဇူလိုင် ၇
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရှမ်းပြည်တောင်ပိုင်၊ တောင်ကြီးမြို့အနီးတွင် ကုန်တင်ယာဉ်ကားကြီးရပ်နားကွင်း၊ အားကာသိပ္ပံကျောင်း၊ ဆေးရုံ စသည်ဖြင့် စီမံကိန်း ၃ ခုထက် မနည်းကို အကောင်အထည်ဖော်နေကြောင်း ဒေသခံတို့က ပြောဆိုထားသည်။
တောင်ကြီးမြို့ အရှေ့ဘက် ညိုမီးကျေးရွာ နှင့် မြို့ရှောင်လမ်းအနီးဝန်းကျင်တွင် စစ်ကောင်စီက စီမံကိန်းများကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
တောင်ကြီးမြို့ တောင်ဘက်ပိုင်း ထီးဖောင်းအနီးတွင် M4 MEGA ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်မည့် ကားကြီးကွင်းစီမံကိန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လောလောဆယ် ကားကြီးကွင်းစီမံကိန်းကို အရင်စလုပ်နေပြီ။ နောင်ထလီကျော်နားမှာ ဆိုင်းဘုတ်ထောင် စလုပ်နေပြီ” ဟု ၎င်းက ပြောသည်။
မြို့ရှောင်လမ်းနှင့် ဟိုပုံးမြို့ကို သွားလမ်းဘေး မြင့်ကာလာအမိုးထုတ်စက်ရုံဘက်တွင် နိုင်ငံတကာ အဆင့်မှီ ကလေး ကစားကွင်းကို တည်ဆောက်ရန် ရှိပြီး ညို့မီး ကျေးရွာ၊ ထီဖောင်း- ကျောက်တလုံး လမ်းမ ဖာမွန်းဝန်းကျင်တွင် အိမ်ရာစီမံကိန်းနှင့် ကမ္ဘောဇလမ်းဘက်တွင်လည်း အိမ်ရာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေကြောင်း စီမံကိန်းများကို သိရှိထားသူ တစ်ဦးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်သည့် E-house Myanmar မှလည်း တောင်ကြီးမြို့၊ နှမ့်စီးအနီး အသေးစား၊အလတ်စားစက်မှုလက်မှုစီမံကိန်းတွင် ပါဝင်သည့် ၄၀×၆၀၊ ၈၀×၈၀ မြေကွက်များနှင့် လူနေဆိုင်ခန်းများကို အကောင်အထည်ဖော် ရောင်းချပေးနေကြောင်း ဖော်ပြထားသည်။
အားကာသိပ္ပံနှင့် ဘောလုံးကွင်း၊ ဆေးရုံစီမံကိန်းများကိုလည်း ညိုမီးဘက်တွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး ကားလမ်းများကို ချဲ့ထွင်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
တောင်ကြီးမှ ကက္ကူသို့ သွားလမ်း ရှိသည့် ညိုမီး-ဖာမွန်းရွာဝန်းကျင်တွင် မြေကွက်များကို ရောင်းချမှုမှ တရားမဝင်ဟု ဆိုကာ ဖျက်သိမ်းခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဖေသန်း
#MeKongNews
#တောင်ကြီးမြို့နယ်
#စီမံကိန်း
#အိမ်ရာစီမံကိန်း
#ညိုမီး
#ကက္ကူ








