မဲခေါင်၊ ဇူလိုင် ၆
စစ်ကောင်စီက လေကြောင်းပစ်ကူများနှင့် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း နောင်ချိုမြို့ မကျစေရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမည်ဟု TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
နောင်ချိုမြို့ကို TNLA ပါဝင်သည့် တော်လှန်ရေးတပ်များ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်၁၀ရက်က သိမ်းပိုက်ခဲ့သော်လည်း ကျန်ရှိခဲ့သည့် တောင်ခမ်း အမြောက်တပ်မမှသည် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် နောင်ချိုမြို့နှင့် ၄ မိုင်အကွာ မျက်ချင်းနု သို့ရောက်ရှိလာနေသည့်အပေါ် TNLA က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လက်ရှိအချိန်အထိ ကျမတို့ နောင်ချိုကို လက်လွှတ်ရတာမျိုး၊ နောင်ချိုလက်လွှတ်ဖို့ ဆုံးဖြတ်ချတာမျိုး မရှိသေးပါဘူး။ ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေရှိပါတယ်။ ခုခံကာကွယ်ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ တိုက်ပွဲကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတယ်။ သို့ပေမဲ့၊ ဒီလိုမျိုးနောင်ချိုကို လက်လွှတ်ရတဲ့ အဆင့်မျိုးကတော့ ကျမတို့ဆီမှာ မရှိသေးပါဘူး။ အတတ်နိုင်ဆုံး ကျမတို့ ခုခံဆောင်ရွက်နေတာရှိပါတယ်။ ဆိုတော့ကာ နောင်ချိုကို ခုခံကာကွယ်နေတဲ့အချိန်မှာ ပါဝင်တဲ့ မဟာမိတ်အသီးသီးလည်း ကျမတို့နဲ့ ပါဝင်ဆောင်ရွက်နေတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများအနေဖြင့် နောင်ချိုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီလော်ဘီဝါဒဖြန့်သတင်းများကို မယုံကြည်ကြဖို့ လွေးယေဦးက တိုက်တွန်းသွားသည်။
စစ်ကောင်စီသည် MNDAA နှင့်အပစ်ဆိုင်းထားချိန် စစ်ကိုင်းငလျင်ကြောင့် ယာယီအပစ်ရပ်နေချိန်များမှာ တောင်းခမ်းဒေသကနေ စစ်ရေးနာလန်ထလာပြီး အခွင့်အကောင်းယူ တိုက်စစ်ဆင်လာခဲ့ခြင်းဟု CDM အရာရှိဇင်ယော်က သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးခဲ့ရသည့် နောင်ချိုမြို့ကို ပြန်လည်ရရှိရန် ဝေဟင်ပစ်ကူများအပြင် ကျောင်းဆင်းလူသစ်အင်အား ထောင်ချီအသုံးပြုပြီး အုမ္မတီးကျေးရွာဘက်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး TNLA နှင့်အတူ MDY-PDF၊ ဓနု PDF(DPLA)တို့က ပူးပေါင်းပြီး ခုခံ ကာကွယ်နေကြသည်။
“လူသစ်တွေဟာ စစ်သင်တန်း ၃ လနဲ့ ရှေ့တန်းအပို့ခံရတာဖြစ်လို့ စစ်ရေးအတွေ့အကြုံမရှိသလို တိုက်ရည်ခိုက်ရည်လည်း မရှိဘူး။ ပိုဆိုးတာက မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက် ခံထားရတာပဲ။ ဒါကို စိတ်ဓာတ်မြင့်အောင်ဆိုပြီး မူးယစ်ဆေးတွေကြွေးပြီး တက်ခိုင်းတော့ ၅၀ တက်ရင် ၃၀ လောက် ထိကုန်ကျတယ်။ စကစဟာ တိုင်းပြည်ရဲ့အရွယ်ကောင်းတွေကို အသေခံခိုင်းပြီး သက်ဆိုးရှည်အောင် လုပ်နေတာပါ” ဟု စစ်ရေးလေ့လာသူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး က မဲခေါင်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် တော်လှန်ရေးအင်အားစုများက နောင်ချိုမြို့ပြင်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၆၀၆ ဒုံးတပ်ရင်း အပါအဝင် ခြေမြန်တပ်ရင်း ၁၁၄၊ ခမရ ၁၁၅ တို့ကို တိုက်ခိုက်သိမ်းနိုင်ထားခဲ့သော်လည်း ယခုအခါ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကို ခုခံကာကွယ်နေရခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#နောင်ချို
#TNLA
#တောင်ခမ်း
#အုမ္မတီးကျေးရွာ








