မဲခေါင်၊ ဇူလိုင် ၆
ပုံမှန် ၃ လ သင်တန်းပေးသည့် စစ်မှုထမ်းလူသစ်များကို စစ်ကောင်စီက သီတင်းပတ် ၁၀ ပတ် (၂ လခွဲ)ခန့်သာ သင်တန်းပေးပြီး တိုက်ပွဲအပြင်းထန်ဆုံးနေရာများသို့ စေလွှတ်နေကြောင်း တပ်သားသစ်စုဆောင်းခံရသူများ၏ မိသားစုဝင်များထံမှ သိရသည်။
ဇူလိုင် ၄ ရက်က သင်တန်းဆင်းသည့် အပတ်စဥ် ၁၂ မှာ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကမှ ဖွင့်ခဲ့ခြင်းဖြစ်သည့်အတွက် သင်တန်းကာလ ၃ လမပြည့်ဘဲ ၂ လခွဲသာရှိနေခြင်း ဖြစ်သည်။
စစ်ကောင်စီက ယခု သင်တန်းဆင်း စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းမှ တပ်သားသစ်များကို တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားနေသည့် စစ်ဆင်ရေးနယ်မြေများဖြစ်သည့် ရှမ်းပြည်ရှိ နောင်ချို၊ ရှမ်း-ကရင်နီနယ်စပ်ဖြစ်သည့် ဖယ်ခုံ၊ မိုးဗြဲ၊ ဖားဆောင်း၊ ဒီးမော့ဆို စသည့် ဒေသများသို့ ဦးစားပေးစေလွှတ်နေကြောင်း ရှမ်းတောင်ဖယ်ခုံဘက်သို့ ပို့ခံရသည့် တပ်သားသစ်တစ်ဦး၏ မိသားစုဝင်ထံမှ သိရသည်။
“ကလောကနေ လွိုင်ကော်ဖက်လို့ ပြောတယ်။ မြို့က အသိတစ်ယောက်ကို အိမ်ကို ပြောပေးဖို့မှာသွားတာတဲ့၊ အဲဒါ အသိကဖုန်းဆက်လာတာ။ ဒီနေ့ဘဲ ဖယ်ခုံဘက်သွားရပြီ” ဟု အေးသာယာ မြို့နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လတ်တလော ရှမ်းပြည်တွင် နောင်ချို၊ ဖယ်ခုံနှင့် ကရင်နီဒေသ မိုးဗြဲ၊ ဖားဆောင်း၊ ဒီးမော့ဆိုမြို့နယ်များတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသလို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်များဘက်တွင် စစ်ရေးပြင်းထန်နေသဖြင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိသည်။
စစ်သည်အင်အားလိုအပ်နေသည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသုံးချကာ လစဉ် လူငယ် ၅၀၀၀ ကျော်ကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး၊ ပေါ်တာဆွဲကာ စုဆောင်းပြီး တပ်သားသစ်သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ လက်ရှိတွင် အပတ်စဉ် ၁၂ အထိ သင်တန်းဆင်းထားပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ ကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိသည်။
အပတ်စဉ်တစ်ခုလျင် သင်တန်းသား ၅ ထောင်နှုန်းဖြင့်တွက်ပါက အပတ်စဉ် ၁၂ ခုအတွက် တပ်သားသစ် ၆ သောင်း စုဆောင်းထားပြီး ယင်းထဲမှ အများစုကို စစ်ကောင်စီက ရှေ့တန်းသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ – MDSI အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“စစ်တပ်က ချိနဲ့ခဲ့တဲ့အင်အားကို အဓမ္မနည်းနဲ့ ဖြည့်တင်းခဲ့တာ သေ၊ ပြေး၊ လက်နက်ချ၊ ဘက်ပြောင်း စတာတွေ နှုတ်ရင် ၅ သောင်းလောက်ရသွားပြီ” ဟု ၎င်းကပြောသည်။
စစ်တပ်၏ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံအမှတ် ကဖ ၇၀ ဆ ၂၀၀၁ တွင် ခြေလျင်တပ်ရင်းတစ်ရင်းလျင် ၁၇၀/ ၁၈၀/ ၂၀၀ ဦးဖြင့် ဖွဲ့စည်းထားခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
စစ်အာဏာသိမ်းခင်က စစ်တပ်အင်အားမှာ လက်ရုံးတပ်များအပါအဝင် ၂ သိန်းခွဲခန့်သာ ရှိခဲ့သည်ဟု USIP က ခန့်မှန်းထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် အပတ်စဉ်စုဆောင်းရရှိလာသည့် စစ်မှုထမ်းလူငယ်များကို စစ်ခြေခံလေ့ကျင့်ရေးတပ် ၉ တပ်၊ တန်းမြင့်လေ့ကျင့်ရေးကျောင်း ၁၁ ကျောင်း၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ၂ကျောင်း၊ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး)၊ ဗိုလ်သင်တန်းကျောင်း (ဗထူး)နှင့် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံကျောင်း၊ ခြေလျင် အကူလက်နက်ကြီးသင်တန်းကျောင်း စသည့် စစ်သင်တန်းကျောင်း ၂၆ ခု တွင် ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိသည်။
မဟာ
#MeKongNews
#စစ်မှုထမ်းဥပဒေ
#တပ်သားသစ်
#တိုက်ပွဲပြင်းထန်
#စစ်ကောင်စီ
#လက်ရုံးတပ်








