မဲခေါင်၊ ဇွန် ၃၀
သီပေါ၊ နမ့်လန်တွင် အကျအဆုံးများပြီး ပြန်လာရသည့် ရှမ်းအရှေ့ တာလေအခြေစိုက် ခမရ ၅၇၁ မှ စစ်မှုထမ်းလူသစ် ၃ ဦးက ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ခမရ ၅၇၁ မှာ ရှမ်းအရှေ့၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် တည်ရှိပြီး အဓမ္မပြုကျင့် သတ်ဖြတ်သူ ၃ ဦးမှာ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသည့် တပ်သားသစ်များဖြစ်ကာ ခမရ ၅၇၁၊ ခမရ ၅၇၂ နှင့်အတူ နောက်တန်းပြန်ဝင်လာကြသူများဖြစ်ကြောင်း၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ မိန်းကလေးမှာ အသက် ၁၄ နှစ်အရွယ် ခမရ ၅၇၁ တပ်အတွင်းနေထိုင်သည့် စစ်မှုထမ်းတစ်ဦး၏ သမီးဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဖြစ်တာက သင်္ကြန်ကတည်းက ဖြစ်တာ။ မုဒိန်းကျင့်သတ်ဖြတ်သွားတာ လက်တွေလည်း ချိုးခဲ့တယ်။ တပ်အသိုင်းအဝိုင်းက လူကြီးတွေ ကြိတ်ဖြေရှင်းနေကြတယ်” ဟု ၎င်းက ပြောသည်။
ယင်းဖြစ်စဉ်မှာ မှန်ကန်ပြီး စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ အများမသိအောင် ဖုံးဖိထားကြောင်း၊ ခမရ ၅၇၁ မှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံဖြစ်ကြောင်း တာလေမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်အတွင်း စစ်မှုထမ်းဥပဒေအရ စုဆောင်းနေသည့် လူသစ်များကြောင့် တပ်အတွင်း စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
#MeKongNews
#တာလေမြို့
#ရှမ်းအရှေ့
#ခမရ၅၇၁
#စစ်မှုထမ်းလူသစ်








