မဲခေါင်၊ ဇွန် ၃၀
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမှ ပင်မှီသွားကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခမရ ၅၀၇ တပ်မှ စစ်မှု့ထမ်းသင်တန်းဆင်း လူသစ် ၂ ဦး ထွက်ပြေးသဖြင့် အနီးဝန်းကျင် နေရာအနှံ့ တပ်ဖြန့်၍ လိုက်လံရှာဖွေနေကြောင်း သိရသည်။
ဇွန်လ ၂၈ ရက် ညနေပိုင်းက ထွက်ပြေးသည်ဟု သိရပြီး ၎င်းတို့မှာ အဓမ္မစစ်မှုထမ်းဥပဒေအရ တပ်သားလူသစ်များဖြစ်ကာ ရန်ကုန်ဘက်မှ ခမရ ၅၀၇ သို့ မကြာခင်က သင်တန်းဆင်းရောက်ရှိလာသူများဖြစ်ကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
“ရန်ကုန်ကဆိုတော့ ရန်ကုန်ဘက် ပြန်နိုင်တယ်ပေါ့။ လက်နက်ပါ မပါတော့ မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၂၈ ရက်နေ့ကလည်း ဟိုပုံးအခြေစိုက် တကန (ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ) မှ တပ်သားသစ် ၃ ယောက် ထွက်ပြေးကြောင်း၊ စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၂ ဦး ပြန်မိပြီး တစ်ဦး လွတ်မြောက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသားများကို အမိန့်နှင့် လူသစ်စုခြင်းအပြင် အဓမ္မနည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး၍ စစ်သင်တန်းပေးခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် အပတ်စဥ် ၁၁ ဆင်းခဲ့ပြီး အပတ်စဥ် ၁၄ ကို ဖွင့်ခဲ့သည်။
စစ်ကောင်စီက စစ်မှုထမ်းလူသစ်များကို ရှေ့တန်းတာဝန်မပေးဟု လိမ်ညာပြောဆိုခဲ့သော်လည်း စစ်မြေပြင်အသီးသီးသို့ ကျောင်းဆင်းဆင်းခြင်း ပို့ဆောင်ခဲ့မှုကြောင့် သေဆုံး၊ ဒဏ်ရာရ အသေခံခိုင်းမှုများ ဖြစ်ပေါ်နေရာ လူသစ်များသာမက လူဟောင်းနှင့် အရာရှိအဆင့်များအထိ အသက်ချမ်းသာနိုင်ရန်အတွက် ထွက်ပြေး၊ ဘက်ပြောင်းမှုများ ပြုလုပ်နေကြရကြောင်း တော်လှန်ရေးဘက်သို့ ခိုလှုံလာကြသူများ၏ ပြောကြားချက်များအရ သိရသည်။
#MeKongNews
#ခမရ၅၀၇
#စစ်မှုထမ်းဥပဒေ
#တပ်သားသစ်
#ထွက်ပြေး
ပုံအညွှန်း – စစ်ကောင်စီ၏ စစ်မှုထမ်းလူသစ်များကို မထွက်ပြေးမီ တွေ့ရစဉ် (ပုံဟောင်း)








