မဲခေါင်၊ ဇွန် ၂၈
ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှာ တိုက်ပွဲနှင့် ဝေးရာနေရာများ၊ ကားလမ်းနှင့် ဝေးကွာသည်သာမက ကားလမ်း မပေါက်သည့် နေရာများတွင် ပုန်းရှောင်နေရသည့်အတွက် ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည် ဟု ဇွန်လ ၂၆ ရက်နေ့က သွားရောက်ကူညီခဲ့သည့် Job for Kayah အဖွဲ့ထံမှ သိရသည်။
ယင်းအဖွဲ့ သွားရောက်ကူညီခဲ့သည့် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၅၁၀ ဦး ရှိပြီး လမ်းခရီးက မပေါက်၊ ဝေးလည်း ဝေးသည့်အတွက် အလှူရှင် သိပ်မရှိ ဟု Job for Kayah အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အရမ်းဝေးတယ်။ ကားနဲ့ ၂ နာရီကြာတယ်။ ကားလမ်းမပေါက်လို့ တစ်နာရီကျော် လမ်းလျှောက်ရတယ်။ စစ်ရှောင်ပြည်သူတွေအများကြီး လာစောင့်ကြိုနေကြတယ်ဗျ။ မနက် ၆ နာရီကတည်းကတဲ့။ အဲနေရာကနေ သူတို့ Cump ဆီကို ရိက္ခာတွေ ခွဲပြီး တစ်ယောက်ချင်း နိုင်သလောက်ထမ်းပြီး သွားခဲ့ရတယ်။ နောက်ထပ် ၁ နာရီကျော် လမ်းလျှောက်ပြီးမှ စစ်ရှောင်တွေနေတဲ့ နေရာကို ရောက်ခဲ့ပါတယ်။ မိုးကရွာ၊ လမ်းကချော်၊ ဒီရိက္ခာတွေရဖို့ သူတို့ အတော် ပင်ပန်းခဲ့ကြရတယ်” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ရိက္ခာခြောက်များနှင့် ကလေးများအတွက် အာဟာရ ထမင်းဟင်းတစ်နပ်၊ စာရေးကိရိယာများကို လှူဒါန်းပေးခဲ့သည် ဟု ပြောသည်။
စစ်ရှောင်ကလေးများမှာ တောင်ယာခင်းများအတွင်း စာသင်နေကြရပြီး ထပ်မံ၍ ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ဖယ်ခုံမြို့နယ်
#စစ်ဘေးရှောင်
#စားနပ်ရိက္ခာ
#အကူအညီလိုအပ်


















