မဲခေါင်၊ ဇွန် ၂၈
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများကျဆင်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှ တာချီလိတ်မြို့ အသွားကားလမ်းအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ကျန်းချောင်း ရေကြီးရေလျှံဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ဇွန်လ ၂၅ ရက်ညက စတင်ပြီး ၂၆ ရက်နေ့အထိ တစ်နေကုန်ရွာသွန်းခဲ့သည့် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းလာသဖြင့် ကားလမ်းပေါ် ရေဖုံးလွှမ်းကာ ရေနှင့်အတူ ပါလာသည့် သစ်ကိုင်းကျိုး၊ သစ်စများကြောင့် ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဇွန်လ ၂၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“မိုးက မပြတ်တာရယ်၊ ဒီမှာက တောင်ကျချောင်းဖြစ်လို့ ရေက တဟုန်ထိုးကျတာပေါ့။ ခုထိတော့ လမ်းမပွင့်သေးဘူး။ ကားတွေမသွားနိုင်သေးဘူး” ဟု မိုင်းဆတ် ကောင်းမူတန် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ယခင်နှစ် စက်တင်ဘာ မိုးကြီးစဥ်ကလည်း သဲနုန်းများကျရောက်ကာ ချောင်းရေတိမ်နေသဖြင့် ယခုလို မိုးများသည်နှင့် ချောင်းရေ ပြည့်လျှံရခြင်းဖြစ်ရသည်ဟု ဆိုသည်။
“သဲတွေက တံတားနားတောင် ကပ်နေတာ။ သဲတွေကို ဖယ်ထုတ်ပစ်မှ ရေစီးရေလာကောင်းမှာ။ ဒီထက် မိုးများရင် တံတားပါသွားမှာ စိုးရတယ်” ဟု မိုင်းဆတ်-ဆိုက်ခေါင်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။
နမ့်ကျန်းချောင်းပေါ်ရှိ တံတားသည် မိုင်းဆတ်မှ ၄ မိုင်ခန့်အကွာ တာချီလိတ် သွားကားလမ်းပေါ်တွင် ရှိပြီး ယင်းနေရာတွင် စားသောက်ဆိုင်များရှိကာ “ဝ” တောင်ပိုင်း ဝမ်ဟုန်လမ်းဆုံနေရာဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်တွင် ယမန်နှစ် ရေကြီးစဥ်က နမ့်ခုတ်ချောင်းတံတားကျိုးသဖြင့် အသွားအလာနှင့် ကုန်စည်စီးဆင်းမှုများ တစ်လကျော်ကြာ ပြတ်တောက်ခဲ့ရသည်။
#MeKongNews
#တာချီလိတ်
#မိုင်းဆက်
#နမ့်ကျန်းချောင်း
#ရေကြီး








