မဲခေါင်၊ ဇွန် ၂၅
ကလေးငယ်ထားသည့် စောင်အောက်မှ ထွက်လာသည့် မြွေပွေးပေါက်သည့်အတွက် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး ဘော်နှင်းကျေးရွာအုပ်စု၊ ဆူးပန်းအင်းရွာတွင် မိခင်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၄ရက် ညနေ ၃နာရိခန့်က ဆူးပန်းအင်းရွာနေ မိသေး ခေါ် သန်းနု ၁၈နှစ်မှာ ၎င်း၏ ၃လသားရွယ်ကလေးကို ခေါ်ဆောင်ကာ ဂျင်းစိုက်ခင်းသို့ မြက်ပေါင်းရှင်းရန် သွားရောက်ခဲ့ပြီး ကလေးအား ဂျင်းစိုက်ခင်းမြေကွက်လပ်၌ စောင်ခင်းကာထားခဲ့ကြောင်း၊ မိခင်ဖြစ်သူမှာ မြက်ပေါင်းရှင်းနေစဥ် ကလေးငယ် ငိုသံကြား၍ သွားရောက်ချီစဥ် ကလေးအတွက်ခင်းထားသော စောင်အောက်ရှိ မြွေမှ မိခင်ခြေထောက်အား ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာက ဆေးရုံသယ်လာပေမယ့် သေနေခဲ့လို့ ရွာကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်” ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ညကလည်း တောင်ပို့လှရွာတွင် မြွေပွေးကိုက်ခံရသူတစ်ဦး ရှိခဲ့ပြီး အသက်ကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မြေပွေးများမှာ အောင်ပန်းမြို့တွင် ယခင်ကမရှိသော်လည်း အညာဘက်မှ မြေဆွေးများသယ်ယူရင်း ပါလာသည်ဟု သုံးသပ်ကကြောင်း ဒေသခံ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောသည်။
“ဒီမှာက မြွေပွေးကိုက်တာ များတယ်။ သာစည်ဘက်က မြေဆွေးတွေသယ်လာရင်း ပါလာတာ။ မြွေအန္တရာယ်အထူး သတိပြုဖို့နဲ့ ရှေးဦးသူနာပြုစုနည်းတွေလည်း တတ်ထားဖို့လိုပါ့မယ်။ တော်တန်ရုံဆို အသက်မသေနိုင်တော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။
ယေဘူယျအားဖြင့် မြွေပွေး၏ အဆိပ်မှာ သွေးကလပ်စည်းများကို ဖျက်ဆီးတတ်ပြီး မြွေဟောက်အုပ်စုမှာ အာရုံကြောများကိုဖျက်ဆီးတတ်ကြောင်း၊ ယခုကဲ့သို့ ယာခင်းများအတွင်း မြွေပွေးကို အထူးသတိထားရန်လိုအပ်ပြီး သားရေလည်ရှည်ဖိနပ်ကဲ့သို့ အကာအကွယ်များ တတ်နိုင်သမျှ ဝတ်ဆင်ကြရန် လိုအပ်ကြောင်း အကြံပြုပြောဆိုသည်။
မဟာ
#MeKongNews
#အောင်ပန်း
#ရှမ်းတောင်
#မြွေပွေး
#ဆူးပန်းအင်းရွာ








