မဲခေါင်၊ ဇွန် ၂၃
ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ တောင်သူထံမှ ဝယ်ဈေး တစ်ပိသာလျှင် ကျပ် ၇၀၀ ဝန်းကျင်သာ ဈေးရရှိတော့သည့်အတွက် အရှုံးပေါ်နေပြီး အကြွေးတင်နေရသည့် အခြေအနေ ကြုံတွေ့နေရသည် ဟု ကြက်သွန်နီစိုက်တောင်သူများက ပြောကြားသည်။
၂၀၂၅ ခုနှစ် ကြက်သွန်နီစိုက်ပျိုးရာတွင် အရင်းနှုန်းထားမှာ တပိသာ ကျပ် ၁၃၀၀ မှ ကျပ် ၁၅၀၀ အထိ ကုန်ကျခဲ့သော်လည်း တောင်သူထံမှ ဝယ်ဈေးမှာ ကျပ် ၇၀၀ မှ ကျပ် ၈၀၀ ဝန်းကျင်အထိသာ ရရှိနေပြီး ဈေးနှုန်း ပြန်တက်လာမည်လား စောင့်ဆိုင်းခဲ့သော်လည်း ကြက်သွန်ဈေးနှုန်းမှာ အကျသာ ရှိနေ၍ အချိန်ကုန်၊ လုပ်အားခ ကုန်သည့်အပြင် အကြွေးပါ တိုးလာနေကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။
“တောင်သူက လုပ်စားလို့ ကိုယ် အဆင်မပြေတော့ဘူး ။ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုက မရှိကြတော့ ပိုဆိုးတာပေါ့။ ဘာမှ လုပ်စားလို့ မရအောင်ကို ဖြစ်နေပြီ” ဟု တောင်သူတစ်ဦးက ဆိုသည်။
လွန်ခဲ့သော နှစ်များက ပြည်တွင်း ကြက်သွန်နီကို ဘင်္ဂလားဒေ့ချ်နှင့် အိန္ဒိယနိုင်ငံများက ဝယ်ယူသည့်ကို ရခိုင်နယ်စပ်မှ တဆင့် တင်ပို့ခွင့် ရသည့်အတွက် ပြည်တွင်းဈေးကွက်မှ ကြက်သွန်နီဈေး ကောင်းမွန်လာခဲ့သော်လည်း နောက်ပိုင်းကာလတွင် အဝယ် မရှိတော့ဘဲ ဈေးနှုန်း ကျဆင်းလာနေကြောင်း ကုန်သည်တို့က ဆိုသည်။
“အခုချိန် ရာသီထွက်ကုန်ဖြစ်တဲ့ ကြက်သွန်နီဈေးက မတက်ပဲ အကျဘက်တွေ ရှိနေတော့ လာမယ့်နှစ် စိတ်ကူးအပြည့် ထည့်လို့ မရနိုင်တဲ့ နှစ်ပေါ့ဗျာ။ တောင်သူတွေနဲ့ ကုန်သည် အားလုံး အဆင်မပြေတဲ့ နှစ်လို့ ပြောလို့ ရနေပြီ” ဟု ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကြက်သွန်နီကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း တို့တွင် အဓိကစိုက်ပျိုးနေကြပြီး ၂၀၂ခုနှစ်တွင် ကြက်သွန်နီ အထွက်နှုန်းမှာလည်း လျော့ကျလာခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်တင်ယာဉ် ၁၀ စီးသာ ဝင်ပြီး ကုန်ပိသာချိန် တစ်သိန်းခန့်သာ ရှိပြီး ဈေးနှုန်းမှာလည်း မြင်းခြံတောင်လက်စ ဒုန်း တစ်ပိသာလျှင် ကျပ် ၆၅၀ ဝန်းကျင်၊ မြောက်လက် တစ်ပိသာလျှင် ကျပ် ၁၂၅၀၊ ကံဆင့်စ တစ်ပိသာ ကျပ် တစ်ပိသာ ၁၃၀၀ မှ ၁၃၅၀ ခန့် ရှိနေကြောင်း ဖော်ပြထားသည်။
ဖေသန်း
#MeKongNews
#ကြက်သွန်နီ
#ဈေးကျ
#တောင်သူ
#အိန္ဒိယ
#ဘင်္ဂလားဒေ့ချ်








