မဲခေါင်၊ ဇွန် ၂၁
MNDAA က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်း အကျဥ်းသားများအနက် လောက်ကိုင်မြို့တွင် ထားရှိသည့် စစ်သုံ့ပန်း ၅၀ ဦးကို ဇွန်လ ၁၈ ရက်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း MNDAA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
MNDAA အနေဖြင့် အကျဥ်းသားများကို လူကြီး၊ လူငယ် ခွဲပြီး လူကြီးပိုင်းများကို ကွမ်းလုံမြို့တွင် ထားရှိကာ လူငယ်ပိုင်းကိုမူ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့တို့တွင် အကျဥ်းချထားကြောင်း၊ ယခု လွှတ်ပေးလိုက်သည့်သူများမှာ စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများ ဖြစ်ကြောင်း သိရသည်။
MNDAA နှင့် နီးစပ်သူက “အရွယ်အိုတွေနဲ့ ဒဏ်ရာသက်သာလာတဲ့ စစ်သည်တွေလို့ သိရပါတယ်။ ၅၀ ဦးပါ” ဟု မဲခေါင်ကို အတည်ပြု ပြောဆိုသည်။
MNDAA ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ မေစစ်သွေး Tiktiok တွင် ဇွန် ၂၀ မှ ၂၅ ရက်အတွင်း အသုတ်လိုက် လွှတ်ပေးမည်ဟု ပြောကြားနေကြောင်း တွေ့ရသည်။
စစ်သုံ့ပန်း ၂၉၉ ယောက်ကို သိန္နီနှင့် လောက်ကိုင်မြို့များမှာ ထိန်းချုပ်ထားရာကနေ ဇွန်လ ၁၇ ရက်၌ ကွမ်းလုံဘက်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြန်လွှတ်ပေးသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့ ဧပြီလက လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်မအပ်နှံမီ လားရှိုးအကျဥ်းထောင်မှ ပြောင်းရွှေခဲ့ခြင်းဖြစ်ပြီး လားရှိုးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအပြင် စစ်ထွက်၊ ထောင်သား၊ အရပ်သားများနှင့် ဆေးဝန်ထမ်းအချို့ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်သုံ့ပန်း မိသားစုများ၏ ညှိနှိုင်းတောင်းဆိုချက်အရ စစ်သုံ့ပန်း ၁၀ ဦးကျော် ပြန်လည်လွှတ်ပေးခဲ့သေးကြောင်း မိသားစုဝင်အချို့ထံက သတင်းရရှိခဲ့သေးသည်။
မဟာ
#MeKongNews
#MNDAA
#လောက်ကိုင်
#စစ်သုံ့ပန်း
#စစ်ကောင်စီတပ်








