မဲခေါင်၊ ဇွန် ၂၁
မိုးဦးကာလကုန်ဆုံးတော့မည့် အချိန်အတွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ရှမ်းပြည်အပါအဝင် မြန်မာနိုင်ငံ၊ တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးပိုလာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း မိုး /ဇလက ဇွန်လ ၂၁ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဒေသအလိုက်အနေဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး တောင်ပိုင်းတွင် နေရာကျဲကျဲ မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။
ထို့အတူ မိုးလေဝသအကြံပေး ပညာရှင် ဦးဝင်းနိုင်ကလည်း မိုးဦးကုန်ကာလများဖြစ်သည့် ဇွန်လ ၃၀ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်ပြီး အနောက်တောင်မုတ်သုံလေ အားကောင်နေဆဲဖြစ်သည့်အတွက် လေပြင်းများလည်း ရံဖန်ရံခါတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရှမ်းပြည် အပါအဝင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် မိုးပိုနေမည် ဟု မိုး/ဇလ က ဖော်ပြထားသည်။
မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း ဖော်ပြထားသည်။
နိုင်ငံတဝှမ်း မိုးကောင်းနေသဖြင့် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်တို့မှာလည်း မြစ်ရေ မြင့်တက်လာနေပြီး ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေမှာ ၂၄ နာရီအတွင်း ၈ ပေကျော် တိုးလာသည် ဟု ဒေသခံတို့က ဖော်ပြထားသည်။
လက်ရှိ မိုးဦးကာလမှာ ဇွန်လကုန်တွင် ပြီးဆုံးတော့မည် ဖြစ်ပြီး လာမည့် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်နေ့ “မိုးလယ်ကာလ”အတွင်း နိုင်ငံအတွင်းရှိ မြစ်ကြီးများ မြစ်ရေမြင့်တက်တတ်သည့် ကာလဖြစ်၍ သတိပြုကြရန် ပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
ဖေသန်း
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#မိုးဇလ
#ဦးဝင်းနိုင်








