မဲခေါင်၊ ဇွန် ၁၉
သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဈေးကြီးလာမှု နှင့် လျှပ်စစ်မီး ပြတ်တောက်မှု များလာခြင်းတို့ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကို ယခင် ၉၀ မဂ္ဂါဝပ်မှ ၁၂၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားတိုးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ကျောက်မီးသွေး အခြောက်ခံစက်များကို တည်ဆောက်လျှက် ရှိရာ ၇၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် ရာနှုန်းပြည့် ပြီးစီးရန် နှင့် ဓာတ်အားပေးစက် ၂ လုံးမှ လက်ရှိ ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နေရာမှ ၁၂၀ မဂ္ဂါဝပ်အထိ တိုးမြင့်နိုင်မည် ဟု စစ်ကောင်စီက ဖော်ပြထားသည်။
ယင်းကျောက်မီးသွေးသုံး စက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး အကြီးစား တူးဖော်မှုများကို နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၇၀ ရာခိုင်နှုန်းဖြင့် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော် တူးဖော်နေသည် ဟု သိရှိရသည်။
သို့သော်လည်း ကျောက်မီးသွေးတန်ချိန် ၁၄ သိန်းကျော်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ပေးပို့နေပြီး ပုံမှန်အားဖြင့် တစ်ရက်လျှင် တန်ချိန် ၂၀၀၀ ကျော် ပေးပို့ရမည် ဟု ACC Myanmar ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကျောက်မီးသွေးသုံးစက်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးများကိုလည်း တီကျစ်မြို့အနီးတွင် တူးဖော်လျှက် ရှိပြီး ရောင်းချမှုများတွင် ၂၀၂၂ ခုနှစ်က အဂတိလိုက်စားမှု ဥပဒေဖြင့် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင် အပါအဝင် လူ ၆ ဦးခန့်ကို စစ်ကောင်စီက အရေးယူအမှုဖွင့်ခဲ့ဖူးသည်။
ဖေသန်း
#MeKongNews
#တီကျစ်
#ကျောက်မီးသွေး
#ဓာတ်အားပေးရုံ
#လျှပ်စစ်မီး








