မဲခေါင်၊ ဇွန် ၁၇
ငါးအမြောက်အများ သေဆုံးခဲ့ပြီး ၂ပတ်ခန့်အကြာတွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့လယ်ရှိ ရေကန်အတွင်း ငါးများထပ်မံသေဆုံးနေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ၂ရက်တွင် အစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့ပြီးနောက် ဇွန်လ ၁၅ရက်၌ ထပ်မံ၍ ငါးခူကြီးများ သေဆုံးနေခြင်းဖြစ်ပြီး ကန်အတွင်း ငါးရံ့နှင့် တလားဗီးယားများသာ ကျန်တော့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“နွံများပြီး နေပူလိုက်၊ မိုးရွာလိုက် အပူရှပ်သေတာလို့ ပြောကြတယ်။ ဘယ်သူမှ ငါးယူ မစစ်ဆေးပါ။ကန်ကို ရေတွေစုပ်ထုတ် ပြီး သန့်ရှင်းဖို့ လုပ်ပေးရမှာပါ”ဟု ၎င်းကပြောသည်။
အချို့ကလည်း ငါးကန်အတွင်း ရောင်းမရသည့်ဂေါ်ဖီထုပ်များ အိတ်လိုက် အစာကျွေးခြင်း၊ အစားအသောက်များ ရေကန်အတွင်း ပစ်ချကျွေးခြင်းတို့ကြောင့် ကန်ရေညစ်ညမ်းခြင်းကြောင့်ဟုလည်း ဝေဖန်သူများရှိသည်။
“ဂေါ်ဖီထုပ်တွေက ပိုးသတ်ဆေးမဖျန်းဘဲ စိုက်စားလို့မရပါဘူး။ ဂေါ်ဖီထုပ်အန္တရာယ်ကြောင့် အများဆုံးဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြို့ဂုဏ်ဆောင်ကန်ဖြစ်သည့်အတွက် စည်ပင်ဌာနအနေဖြင့် ရေကန်သန့်ရှင်းကြည်လင်စေရေး အမြန်လုပ်ဆောင်ပေးသင့်ကြောင်း မြို့လူထုက တောင်းဆိုနေသည်။
ယင်းရေကန်ကို သန့်ရှင်းရေးမလုပ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သဖြင့်ရေများ ပုတ်စော်နံနေသလို နွံများလည်း ထုထည်များစွာရှိနေသည်ဟု သိရသည်။
မဟာ
#MeKongNews
#ပင်လုံမြို့လယ်ရေကန်
#ငါးများသေဆုံး
#ဂေါ်ဖီထုပ်
#စည်ပင်ဌာန








