မဲခေါင်၊ ဇွန် ၁၇
ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်မှ ထွက်ရှိသည့် သစ်များကို သယ်ယူနေသည့် သစ်တင်ကားများမှာ လိုင်စင်မဲ့ယာဉ်များနှင့် တရုတ်နိုင်ငံကားများကို ပြည်နယ်ရဲမင်းကြီး ဦးစီးသည့် လိုင်စင်မဲ့ယာဉ်နှင့်တရားမင်ကုန်ဖမ်းဆီးရေးအဖွဲ့က မျက်မြင်တွေ့သော်လည်း ဖမ်းဆီးရဲသည့် အနေအထားမရှိဘဲ မျက်ကွယ်ပြုခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီဥက္ကဌ၏ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရေး လမ်းညွှန်ချက်အရ ဇွန်လ ၁၅ရက် လင်းခေးခရိုင်သို့ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လာသည့် ပြည်နယ်ရဲမှူးကြီးမှာမိုင်းပန်နှင့် လင်းခေးအကြား လိုင်စင်မဲ့ကားများဖြင့် ခိုးထုတ်သစ်များ သယ်ယူနေသည်ကို မျက်မြင်တွေ့ရသော်လည်း မဖမ်းဆီးရဲခဲ့ကြောင်း မိုင်းပန်ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
“ရဲမင်းကြီးလာတာ သူတွေ့တာပဲ။ မိုးနဲ သာ/ရှိ(သာသနာရေးဦးစီးဌာန အရာရှိ) သစ်တင်ကား လေးကျိုးလို့ လမ်းမှာရပ်ထားတာရော အခြားသစ်ကားတွေ အများကြီး။ မိုင်းပန် ပတ်ပတ် လည်ပါပဲ။ တစ်ရက်ကို အစီး ၂၀လောက်ထုတ်နေတာ။ နောင်တောင်၊ နားကျိုင်း ကုန်ပါပြီ။ တပ်ရော၊ တိုင်းရင်းသားတပ်ရော ထုတ်နေတာ။ သိရတာတော့ လင်းခေးကနေ နမ့်စန်၊ ခိုလန်ဘက်၊ အဲကနေမြောက်ပိုင်းပေါ့” ဟု ၎င်းက ပြောသည်။
ယင်းသစ်သယ်လုပ်ငန်းတွင် ဌာနဆိုင်ရာများလည်း ပါဝင်နေပြီး လင်းခေးအခြချ စစ်ဗျူဟာမှ DQ(ရေး/ထောက်အရာရှိ) ဗိုလ်မှူးနိုင်လင်းက မိုင်းပန်မှနမ့်စန်အထိ သစ်တင်ကား တစ်စီးလျင် ကျပ်သိန်း၂၀၀ ဖြင့်ပို့ဆောင်နေကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။
ယင်းသစ်သယ်ထုတ်လမ်းကြောင်းမှာ မိုင်းပန် -မိုးနဲ-လင်းခေး-နမ့်စန်-ခိုလန် ဖြစ်ပြီး အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်မှ တဆင့် ရှမ်းပြည်မြောက်ပိုင်းသို့ ဆက်လက်သယ်ထုတ်နေသည်ဟု ဆိုသည်။
လမ်းကြောင်းအရ ရလခ တိုင်းမှူး မျိုးမင်းထွန်းနှင့် လင်းခေးဗျူဟာမှူး မျိုးမင်းလတ်တို့ မသိဘဲ မနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ရှမ်းပြည် မြေအကျယ်ဧရိယာဧက ၃၈ သန်းကျော်တွင် သစ်တောဖုံးလွှမ်းမှုသည် ဧက ၉ သန်းကျော်(၂၃ ရာခိုင်နှုန်းကျော်) သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
ပုံအညွှန်း – နမ့်စန်ခရိုင်၊ မိုးနဲသာသနာရေးဦးစီးမှူးယဉ်ထွေး၏ လိုင်စင်မဲ့ သစ်ကယ်ရီတင်ကားကြီး ပြည်ထောင်စုလမ်းမကြီးတစ်နေရာမှာ လေးကျိုး၍ရပ်ထားသည့်ပုံ
မဟာ
#MeKongNews
#ခိုလန်စစ်တိုင်း
#သစ်ခိုးထုတ်
#လိုင်စင်မဲ့ကား
#ပြည်နယ်ရဲမင်းကြီး








