မဲခေါင်၊ ဇွန် ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသတွင် PNLA နှင့်ပူးတွဲကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကို ခုခံတော်လှန်နေသည့် အမှတ်၁၀၀၅ SSPDF မှ အိမ်အပြန် ကျည်ကာကမ်ပိန်းပြုလုပ်နေသဖြင့် တော်လှန်ပြည်သူများမှ အားဖြည့်ထောက်ပံ့ပေးနိုင်ပါရန် အကူအညီတောင်းခံကြောင်း မဲခေါင်သို့ ပြောကြားလာသည်။
အမှတ် ၁၀၀၅ SSPDF တပ်ဖွဲ့ဝင်အချို့မှာ SSNDF/KNDF ဗျူဟာအမှတ် (၉) သို့ ခွဲထွက်သွားပြီးနောက် လက်ရှိအင်အားလက်နက်များဖြင့်ပင် ဆီဆိုင်မြို့နယ်တွင် PNLA နှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။
“ကျနော်တို့လည်း ကျန်ရှိနေတဲ့ လက်နက်အင်အားနဲ့ အစွမ်းကုန်ကြိုးစား ပြန်တည်ဆောက်နေပါတယ်။ စနိုက်ပါ၊ 79 မှအစ ဖိနပ်၊ ခြေအိတ်မှအဆုံး လိုအပ်နေတာပါ။ထောက်ပို့ထီဝယ်ရင် တပ်ရင်းရဲ့ လိုအပ်ချက်တွေ၊ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ကူညီပေးတာနဲ့ တူတူပဲမို့လို့ ဝယ်ယူ အားပေးကြပါဦးဗျို့” ဟု တပ်ရင်းမှူး MOKI က ပြောသည်။
၎င်းအပြင် တပ်ရင်းအနေဖြင့် လူသစ်များဖိတ်ခေါ်လျက်ရှိရာ”ပေးအပ်တဲ့ တာဝန်ကို ကျေပွန်ဖို့ အသင့်၊ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ အသင့်ဆိုရင် page messager ကို လာခဲ့တော့ ရဲဘော်။ ငါတို့အားလုံး အတူတူအာဏာရှင်ကို တိုက်ကြမယ်” ဟု ကြွေးကြော်သံဖြင့် ဖိတ်ခေါ်လျက်ရှိသည်။
လက်ရှိတွင်အမှတ် ၁၀၀၅ SSPDF တပ်ရင်းသည် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် လူငယ်လူရွယ်များဖြင့် စုစည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ အမှတ်၃ စစ်ဒေသလက်အောက်တွင် PNLA နှင့်ပူးတွဲကာ တိုက်ပွဲဝင်နေကြောင်း သိရသည်။
#MeKongNews
#SSPDF
#၁၀၀၅တပ်ရင်း
#ထောက်ပို့ထီ
#ပအိုဝ်းဒေသ








