မဲခေါင်၊ ဇွန် ၃
တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင််စီ၊ PNO ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်များက ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ၁၀၀၉ တပ်ရင်း – အင်းလေးပြည်သူ့ကာကွယ်ရေးတပ် – IPDF ထံမှ သိရသည်။
ဇွန်လ၂ရက် နံနက် ၈နာရီတွင် စစ်ကောင်စီနှင့် PNO ပူးပေါင်း အင်အား ၁၀၀၀ ခန့်နှင့် ၁၀၀၉ တပ်ရင်း – အင်းလေးပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ IPDF က အင်အားခြင်းမမျှသဖြင့် ရေပူကျေးရွာမှ ညနေ၄ နာရီအချိန်တွင် အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာပေးလိုက်ရာ စစ်ကောင်စီတပ်နှင့် PNOတပ်များက ရေပူကျေးရွာနှင့် ဘုရားတောင်ကျေးရွာ အတွင်းသို့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်သွားကြပြီးရွာကို မီးရှို့သွားကြောင်း IPDF က ပြောသည်။
“လက်နက်ကြီးနဲ့ မနက်၈ နာရီကစပစ်တာ ည၈ နာရီလောက်အထိ အလုံးရေ တစ်ရာကျော်တယ်။ ကျနော်တို့ အင်အားမမျှလို့ဆုတ်ခိုင်းရပေမယ့် ရဲဘော်တွေကမကျေနပ်ကြဘူး။ ရန်သူဘက်ကတော့ ပြီးဆုံးခါနီးလေ ယုတ်မာလေပဲ။ အခုလည်း အဲရွာတွေထဲမှာပဲ” ဟုအမှတ် ၁၀၀၉ IPDF တပ်ရေး အင်းသွေးနီက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီတပ်နှင့် PNOတပ်များသည် ရေပူကျေးရွာမြောက်ဘက်ခြမ်းနှင့် ဘုရားတောင်ကျေးရွာရှိ ဦးဇော်ဇော်ထွန်း၊ ဦးရာကျော်၊ ဦးအောင်လင်းဦးနှင့် ဦးကျော်နိုင်ဦးတို့၏အိမ်များကို စတင်မီးရှို့ပြီး ၎င်းဘေးပတ်ဝန်းကျင်အိမ်များလည်း မီးစွဲလောင်သွားကြောင်း သိရသည်။
မြေပြင်သတင်းများအရ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်လည်း အကျအဆုံးများပြီး အောင်ပန်း စစ်ဆေးရုံ ခုတင်၇၀၀ သို့ ဗိုလ်ကြီးအဆင့်၊ တပ်ကြပ်ကြီးအဆင့် စုစုပေါင်း ၇ဦး စိုးရိမ်ရ ဒဏ်ရာများဖြင့်ရောက်ရှိလာကြောင်း သိရသည်။
၎င်းဖြစ်စဉ်ကို စစ်ကောင်စီဝါဒဖြန့် ရွှေနေကြာ တယ်လီဂရမ်ချန်နယ်မှ ဘုရားတောင်ရွာအား KNDFမှ မီးရှို့ဖျက်ဆီးသည်ဟု ည ၇ နာရီ ၂၆ မိနစ်တွင် ဖော်ပြလာရာ ဒေသခံများထံ အတည်ပြုချက်အရ ညောင်ရွှေမြို့နယ် အတွင်းမည်သည့် KNDF တပ်ဖွဲ့၀င်မှ မရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဘုရားတောင်ကျေးရွာမှ မီးရှို့ခံရသည့်ပုံများ
မဟာ
#MeKongNews
#ညောင်ရွှေမြို့နယ်
#ဘုရားတောင်ကျေးရွာ
#IPDF
#စစ်ကောင်စီ
#နေအိမ်မီးရှို့








