မဲခေါင်၊ မေ ၃၁
တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများဖမ်းဆီးနေသည့်အပေါ် ဆန္ဒပြသည့်အနေဖြင့် ဇွန်လ ၁ရက်တွင် ဟွန်းတီးဆန္ဒပြရန် လှုံ့ဆော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၃၀ရက် ညပိုင်းက တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားများဖမ်းဆီးခံရသည့်အတွက် ဆန္ဒပြရန် နှိုးဆော်စာများ ရေးသားထားသည့် ပိုက်ဆံနှင့် ထီလက်မှတ်များ လူစည်ကားသည့် နေရာများတွင်ကြဲချခဲ့ပြီး ယင်းပိုက်ဆံများပေါ်တွင် ဇွန်လ ၁ရက် နေ့လည် ၁ နာရီ၌ လိုင်စင်မဲ့ကားဖမ်းဆီးမှုအပေါ် ဆန္ဒပြသည့်အနေဖြင့် ကားဟွန်းများတီးရန် ရေးသားထားကြောင်း သိရသည်။
လိုင်စင်မဲ့ကားဖမ်းဆီးမှုမှာ ပြည်သူလူထုကို ပိုမိုကြပ်တည်းစေသည်မှာ မှန်သော်လည်း ယင်းကဲ့သို့ ဆန္ဒပြခြင်းမှာ နည်းလမ်းမှန်၊ မမှန်စဉ်းစားရန်လိုကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။
“အဲလိုတီးမှ လိုက်ဖမ်းလို့ ဖမ်းခံနေရမှာ။ တစ်မြို့လုံးညီရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် အဲဒါ အလုပ်မဖြစ်လောက်ဘူး” ဟု ၎င်း၏ အမြင်ကို ပြောသည်။
လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် အာဏာသိမ်းစစ်ခေါင်းဆောင်၏ မှတ်ချက်စကား ထွက်ပေါ်လာပြီးနောက် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေပြီး မေလ ၃၀ရက်တွင် တောင်ကြီးမြို့ပေါ်ရှိ ဧရာဝတီပွိုင့်နှင့် ဘုရားဖြူ၊ ကိုးမြို့ရှင်နတ်နန်းပွိုင့်များတွင် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ လိုင်စင်မဲ့ကား ၅၈ စီး အဖမ်းခံရကြောင်း ရတနာသီရိရပ်နေသူတစ်ဦးက ပြောသည်။
“တချို့လည်း ညနေပိုင်းမှာ တစ်သိန်းနဲ့ရွေးလို့ရတယ်ပြောတယ်။ အမြင့်ကားတွေဖြစ်တဲ့ Vigo တို့၊ အာရဖတ်တို့တော့ မရဘူးကြားတယ်။ ဖမ်းထားတဲ့ကားတွေ ရပခ ရှေ့နားက GE တပ်ဝင်းမှာ ထားတယ်။ ကြားတာတော့ ဒါက သတိပေးတဲ့အနေနဲ့
အဖမ်းပြတာ၊ မနက်ဖြန်ကိုတော့ အပြီးဖမ်းမယ်ပြောတာပဲ။ ဒီနေ့လည်း ဖမ်းနေတယ်”ဟု ၎င်းက မဲခေါင်ကို ယနေ့ မေလ၃၁ရက်နံနက်ပိုင်းတွင် ပြောသည်။
ဖမ်းဆီးရေးအဖွဲ့များမှ ယာဥ်လိုင်စင်ပါ၊ မပါ စစ်ဆေးသည့်အပြင် လူလိုင်စင်၊ ထိုင်ခုံခါးပတ်တပ်၊ မတပ်မှ အစ နံပတ်ပြား စသည်များပါ စစ်ဆေးနေသည့်အတွက် မောင်းနှင်နေသူများ သတိပြုသွားလာကြရန် မြို့ခံမျးက တိုက်တွန်းသည်။
ဆိုင်ကယ်များအနေဖြင့် လိုင်စင်၊ သတ်မှတ်ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးတပ်စီးရန်၊ ဘက်မှန်နှင့် နံပတ်ပြားများ ပါရှိရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#တောင်ကြီးမြို့
#လိုင်စင်မဲ့ယာဉ်
#ဆန္ဒပြ
#ဆိုင်ကယ်ဦးထုပ်








