မဲခေါင်၊ မေ ၃၀
၂၀၂၈ ခုနှစ်တွင် သဘာဝဓါတ်ငွေ့ စတင်တူးဖော်ထုတ်လုပ်နိုင်မည့် ကမ်းလွန်လုပ်ကွက်အသစ် ဖြစ်သည့် “မင်းရဲသူ” စီမံကိန်းကို ထိုင်းကုမ္ပဏီ GPM နှင့် လုပ်ဆောင်နိုင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ ဖြစ်သည့် Gulf Petroleum Myanmar တို့ကြား ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့က နေပြည်တော်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ် (Production Sharing Contract-PSC) ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရရှိမှုများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ဝင်ငွေ ရရှိနေပြီး စစ်အသုံးစရိတ်အတွက် အရေးကြီးသည့် ဝင်ငွေရလမ်း ဖြစ်ကာ မင်းရဲသူ စီမံကိန်းသည် စစ်ကောင်စီလက်ထက် ပထမဆုံး လုပ်ဆောင်နေသည့် ကမ်းလွန်တူးဖော်ရေး စီမံကိန်း ဖြစ်လာသည်။
လက်ရှိ ထုတ်လုပ်နေသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကမ်းလွန်စီမံကိန်းကြီးများသည် ထုတ်လုပ်မှု ကျဆင်းလာနေပြီး စီမံကိန်းများ ပြီးစီးတော့မည် ဖြစ်ရာ အလားအလာကောင်းသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရန် လိုအပ်နေကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်သည့် Gulf Petroleum Myanmar ကုမ္ပဏီ အတွက်လည်း မုတ္တမ ပင်လယ်ကွေ့အနီးတွင် ရှိသည့် မုတ္တမလုပ်ကွက် (M-10) မင်းရဲသူ စီမံကိန်းသည် သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်မည့် စီမံကိန်းအသစ် ဖြစ်ကာ ၂၀၂၈ ခုနှစ် တွင် ပထမဆုံး သဘာဝဓါတ်ငွေ့ စတင်ထုတ်ယူနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
မင်းရဲသူ စီမံကိန်း အသစ်ကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊သ ုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ်(Production Sharing Contract-PSC) ချုပ်ဆိုရာတွင် စစ်ကောင်စီက ရာခိုင်နှုန်း မည်မျှအချိုး ရရှိမည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။
Gulf Petroleum Myanmar ကုမ္ပဏီသည် ရဲတံခွန်စီမံကိန်းကိုလည်း ရယူထားပြီး ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum အဖွဲ့၏ အစိတ်အပိုင်း ဖြစ်ကာ စစ်ကောင်စီထံ ငွေပေးချေမှုများကို ကူညီလုပ်ဆောင်ပေးနိုင်မည့် လျှိုဝှက်သိုသိပ်သော စီရင်ခွင့်နယ်မြေကို အသုံးပြုနေသည့် ကော်ပိုရိတ် အဖွဲ့အစည်း ဟု Justice for Myanmar က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကမ်းလွန်စီမံကိန်းများ ဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စီမံကိန်းတို့မှာ တူးဖော်ထုတ်လုပ်လျှက်ရှိပြီး ထပ်မံရှာဖွေနေသည့် ကမ်းလွန်စီမံကိန်း ၂ခုလည်း ရှိနှင့်ပြီးဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE) ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း နိုင်ငံတကာ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးကုမ္ပဏီအများစုမှာ စစ်ကောင်စီလက်အောက်ခံ MOGE နှင့် ပူးတွဲကာ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေ အများဆုံး ရှာဖွေပေးနေသည့် အရင်းအမြစ် ဖြစ်ပြီး စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊လေယာဉ်ဆီ နှင့် အခြားအထောက်အကူပြု ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ထုတ်ပြန်ထားသည့် အချက်အလတ်များအရ မြန်မာ့ သဘာဝဓါတ်ငွေ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားသည်။
ဖေသန်း
#MeKongNews
#မင်းရဲသူစီမံကိန်း
#သဘာဝဓာတ်ငွေ့
#ကမ်းလွန်လုပ်ကွက်
#MOGE
#GulfPetroleumMyanmar








