မဲခေါင်၊ မေ ၂၉
တရုတ်မယားအဖြစ် လုပ်ရန် ငြင်းဆန်သည့်အတွက် အထည်ချုပ်စက်ရုံတွင် လစာမပေးဘဲ ခိုင်းစေခံရသဖြင့် ထွက်ပြေးလာသူ မြန်မာအမျိုးသမီး ၂ဦးကို လားရှိုးမှ တဆင့် မိသားစုထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း လားရှိုး ပရဟိတအဖွဲ့ဖြစ်သည့် Freedom Youth Volunteers အဖွဲ့ထံမှ သိရသည်။
၎င်းတို့၂ဦးကို တရုတ်ပြည်၊ ခွေးမိန်တွင် တရုတ်ရဲက ၆လခန့် ချုပ်ထားပြီးနောက် MNDAA ကတဆင့် ချင်းရွှေဟော်မှ လွှဲပြောင်းလာခြင်းဖြစ်ကြောင်း၊ လားရှိုးသို့မေ ၂၄ရက်တွင်ရောက်ရှိလာပြီး အကူအညီတောင်းခံချက်အရ ခေတ္တစောင့်ရှောက်ထားရာက ယမန်နေ့ မေ၂၈ ရက်တွင် မိသားစုများထံ ပြန်လည်အပ်နှံခဲ့ကြောင်း FYV တာဝန်ရှိသူ က မဲခေါင်ကို ယနေ့တွင်ပြောသည်။
“ကျနော်တို့ ဆက်သွယ်လာတဲ့ ရောင်းစားခံရလို့ ဒုက္ခရောက်နေသူတွေကို နေရာသိရင် ဆက်သွယ်ပြီး ရအောင်ထုတ်မယ်။ လက်ရှိလားရှိုးကတော့ တာဝန်ရှိသူတွေအနေနဲ့ အကာအကွယ်ပေး ကူညီနိုင်ဖို့ထက် ခွင့်ပြုပေးနိုင်တာပဲရှိသေးတော့ ကိုယ့်အားကိုယ်ကိုး ကူညီပေးရမှာပါ” ဟု FYV တာဝန်ရှိသူက ပြောသည်။
ပြန်လည်လွတ်မြောက်လာသူများမှာ မတ္တရာမှ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ရန်ကုန်၊ လှိုင်သာယာမှ အသက် ၁၆နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ တရုတ်နိုင်ငံအထည့်ချုပ်စက်ရုံတွင် တစ်လလစာ မြန်မာကျပ်ငွေ သိန်း ၃၀ခန့် ရမည်ဆိုသည့်အတွက် မိုင်းလားမှ တဆင့် တရုတ်နိုင်ငံအတွင်း လိုက်သွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ လူ ၂၀ခန့်ပါကြောင်း၊ သို့သော် လူကုန်ကူးသူများက အထည်ချုပ်စက်ရုံသို့ တန်းမပို့ဘဲ တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးစားခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့ကို တိုက်ထဲမှာပိတ်ထားတာ၊ လူ၃/၄ရာလောက်ရှိတယ်၊ ပြီးတော့ ဓာတ်ပုံတွေရိုက်ပြီး တရုတ်မယားလုပ်ဖို့ လာကြည့်သူတွေကိုပြတယ်၊ မလုပ်ချင်တဲ့သူတွေကျတော့ စက်ရုံမှာ မညှာမတာခိုင်းတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့မှာ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ရပြီး လုပ်ခလစာမရသည့်အပြင် အလုပ်ပင်ပန်းအောင် ခိုင်းစေခံရကြောင်း၊ ကျန်းမာရေးမကောင်းလည်း အနားယူ ခွင့်မရှိအောင် ခိုင်းစေနေသည့်အတွက် စက်ရုံမှ ထွက်ပြေးစဉ် ရဲအဖမ်းခံကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ပြည်သူအများအပြား အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်မှု အဆမတန် များပြားလာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးကာ တရုတ်မယားအဖြစ် ရောင်းစားမှုများမှာလည်း ယခင်ကထက် ပိုမိုဆိုးရွာလာပြီး အများစုမှာ ကူကယ်ရာမဲ့နေကြသည်။
မေလ ၂၃ ရက်တွင် လူကုန်ကူးမှုများ၊ ရောင်းစားမှုများနှင့် စပ်ဆက်သူ ၁၄ဦးကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်းဟွီပြည်နယ် ရဲတပ်ဖွဲ့က လူကုန်ကူးမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Shanghai Morning Post တွင် ဖော်ပြထားသည်။ ၎င်းတို့သည် မြန်မာအမျိုးသမီးများကို ရောင်းချခြင်းဖြစ်ပြီး ရွှေလီမှတဆင့် တရုတ်ပြည်ဟန်နန်နှင့် အန်းဟွီပြည်နယ်များရှိ ဝယ်ယူသူများထံ တစ်ဦးလျှင် ယွမ် ၂သိန်း ဖြင့် ရောင်းချကြခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#တရုတ်မယား
#လူကုန်ကူး
#တရုတ်ပြည်
#အထည်ချုပ်စက်ရုံ








