မဲခေါင်၊ မေ ၂၅
ဒုစရိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မူဆယ်တွင် ယမန်နေ့ မေလ၂၄ ရက်၌လည်း အမျိုးသမီးတစ်ဦးကို လူတစ်စုက ကားနှင့်ပိတ်ကာ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မေလ ၂၄ရက်နေ့ နံနက်ပိုင်းက မူဆယ်မြို့၊ ရွှေသမင်ကွက်သစ်၊ စွမ်ဆော် ၁လမ်း ဂိုထောင်အပြာနားတွင် လမ်းသွားနေသည့် ဒေသခံအမျိုးသမီးတစ်ဦးကို အမျိုးသား ၅ယောက်ပါ ကားတစ်စီးမှ လမ်းပိတ်ရပ်တန့်ပြီး ကားပေါ်မှဆင်း၍ လုယက်သွားသည်ဟု ဒေသခံက ပြောသည်။
“ပိုက်ဆံအိတ်နဲ့ လက်ဝတ်လက်စားပါသွားတယ်။ အမျိုးသမီးက မူဆယ်မြို့ခံပဲ။ ရဲတောင်အလုခံနေရတာ ခုလိုအမျိုးသမီးတစ်ယောက်ထဲ မသွားသင့်ဘူး” ဟု ၎င်းကပြောသည်။
မေလ၁၉ရက်က ယူနီဖောင်းဝတ်ရဲတစ်ဦး ဆိုင်ကယ်၊ ဖုန်းများ အလုခံခဲ့ရသလို ပြီးခဲ့သည့် မေလ ၁၆ ရက်ကလည်း မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်မောင်းလာသည့် အမျိုးသား ၂ဦးက ရှေ့ကနေ ပိတ်ရပ်ပြီး ပိုက်ဆံအိတ်၊ ဖုန်းနှင့်ဆွဲကြိုးများ လုယက်မှုဖြစ်ပွားခဲ့သေးသည်။
မူဆယ်မြို့တွင် ဒုစရိုက်မှုကျူးလွန်သူများထဲ၌ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် ပတ်သက်သူများ အများဆုံးဖြစ်နေသည့်အပေါ်လည်း ဒေသခံများက ဝေဖန်မှုများ ရှိနေသည်။
“အရင် တပ်မ၉၉၊ အခု စကခ ၁၄ အုပ်ချုပ်နေတာ၊ လုပ်တဲ့သူတွေ၊ အဖွဲ့ တွေက သူတို့တွေပဲ။ အုပ်ချုပ်တဲ့သူက သူခိုးဓားပြမွေးစားနေတော့ ဘယ်လိုလုပ် အေးချမ်းနိုင်ပါ့မလည်း” ဟု ဒေသခံတစ်ဦးက ပြောသည်။
မေလ ၂၃ ရက်က ရွှေဆိုင်ဓားပြ၂ဦးကိုမိရာ ရတစကခ ၁၄ က မွေးထားသည့် ပြည်သူ့စစ်ဓားပြ တရုတ်များဖြစ်ကြောင်း သိရသည်။
မကြာသေးခင် မေလ ၇ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ် မောင်းလာသည့် အမျိုးသမီးတစ်ဦးကို ကားမောင်းသည့် အမျိုးသားတစ်စုက ပြန်ပေးဆွဲခဲ့သေးသည်။
ဒုစရိုက်မျိုးစုံ ကြီးထွားရာ ရှမ်းမြောက် မူဆယ်မြို့ကို မြန်မာ့စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်း ထိမ်းချုပ်ထားပြီး မူးယစ်ဆေးဝါးမျိုးစုံ၊ လောင်းကစားမျိုးစုံ ရှိနေသည့်အပြင် အခြား ဒုစရိုက်မျိုးစုံ လုယက်မှု၊ ဓါးပြတိုက်မှု၊ ခိုးမှုများလည်း နေ့စဉ်လိုလို ကြုံတွေ့နေရကြောင်းဒေသခံများက ပြောကြားကြသည်။
မဟာ
#MeKongNews
#ရှမ်းမြောက်
#မူဆယ်မြို့
#လုယက်
#ပြည်သူ့စစ်








