မဲခေါင်၊ မေ ၂၄
မယ်ဆိုင်ချောင်းသည် မြစ်၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်ရောက်ရှိလာသည့်အတွက် ဒေသခံများ အထူး သတိထားကြရန် မိုးလေဝါသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနှင့်အတူ တာချီလိတ်မြို့တွင်း၌ ရေကြီးနေပြီး တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်နှင့် ဝမ်ကောင်းရပ်ကွက်အပါအဝင် ရပ်ကွက်တချို့၌ ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးဦးကာလသာရှိသေးချိန်တွင် တာချီလိတ်မြို့မှာ ရေကြီးမှုကို အနည်းဆုံး ၂ကြိမ်ကြုံတွေ့ပြီးဖြစ်သည်။
“အခုမှ ၅လပိုင်းပဲ ရှိသေးတယ်။ နောက်လတွေဆို တွေးတောင် မတွေးရဲတော့ဘူး” ဟု တာချီလိတ်မြို့ခံတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့ မနတ် ၈ နာရီခန့်တွင် တိုင်းတာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ် မြို့ (လွယ်တော်ခမ်းကျေးရွာ) တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၁ ပေခန့်ကျော်လွန်ရောက်ရှိနေသောကြောင့် နောက် ၁ ရက်အတွင်း ရေ ၃ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ထုတ်
ပြန် သတိပေးထားသည်။
ထိုကြောင့် တာချီလိတ် မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနှိမ့်ပိုင်း နေထိုင်သူများအနေနှင့် အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားကြောင်း မိုးလေဝါသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဆိုသည်။
မေလ၂၃ ရက်နေ့ညပိုင်းတွင် တာချီလိတ်မြို့အတွင်း ရေကြီးရေလျံမှုကြောင့် တာလော့၊ ဆန်ဆိုင်းရပ်ကွက်များတွင် လမ်းများ ဒုတိယအကြိမ် ထပ်မံရေမြှုပ်ခဲ့ခြင်း ဖြစ်သည်။
ဖေသန်း
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
#တာလော့ရပ်ကွက်


















