မဲခေါင်၊ မေ ၂၂
လားရှိုးမြို့တွင် စက်သုံးဆီ ၉၂ တစ်လီတာလျှင် ကျပ် ၅၅၀၀ အထိမြင့်တက်လာပြီး မြို့ကိုထိန်းချုပ်ထားသည့် စစ်ကောင်စီထုတ်ပြန်သည့် ဈေးထက် ၂ဆနီးပါး များနေကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများ ထံမှ သိရသည်။
၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ လားရှိုးမြို့အတွက် စစ်ကောင်စီ လက်အောက်ရှိ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ 92Ron တလီတာဈေးမှာ ၂၉၁၀ ကျပ်၊ 95 Ron တလီတာဈေးမှာ ၂၉၆၅ ကျပ်၊ဒီဇယ် 500ppm ဈေးမှာ ၂၄၈၀ ကျပ်နှင့် ဒီဇယ် 50 ppm ဈေးနှုန်းမှာ ၃၀၁၅ ကျပ် ရှိသည် ဟု ဖော်ပြထားသည်။
စစ်ကောင်စီက စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၂၉၀၀ဟု ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့ပေါ်တွင် တစ်လီတာလျှင် ကျပ် ၅၅၀၀ အထိ ပေါက်ဈေးရှိကြောင်း၊ မေလ ၁၁ရက်က စစ်ကောင်စီက ၉၂တစ်လီတာလျှင် ကျပ် ၄၅၀၀ဖြင့် ရောင်းချပေးခဲ့သော်လည်း ၁၀ရက်သာရောင်းချပေးနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဈေးနှုန်း ၂ဆနီးပါးမြင့်တက်သော်လည်း စက်သုံးဆီများကို ဒီဇယ်၊ ဓါတ်ဆီပုံးဖြင့် ပေးမသယ်ဘဲ ကား၊ ဆိုင်ကယ်များအတွင်းသို့သာ ထည့်သွင်းရောင်းချေပးကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်က ရှမ်းမြောက်ဒေသတွင် စစ်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့မှ တောင်ကြီးမြို့သို့ စွန့်ခွာတိမ်းရှောင်လာသူများ ယခုကာလ နေရပ်သို့ ပြန်လာကြရာတွင်လည်း စက်သုံးဆီ သယ်ဆောင်ခွင့် မပြုဘဲ ရောက်ရာအရပ်ဒေသရှိ စက်သုံးဆီဆိုင်များတွင် ဝင်ရောက်ဖြည့်ကြရပြီး တစ်လီတာလျှင် ကျပ် ၄၅၀၀ မှ ကျပ် ၅၅၀၀ အထိ ဈေးပေါက်ရှိကြောင်း သိရသည်။
ဖေသန်း
#MeKongNews
#စက်သုံးဆီ
#ရှမ်းမြောက်
#လားရှိုး
#စစ်ကောင်စီ








