မဲခေါင်၊ မေ ၂၀
မြန်မာနိုင်ငံတွင် လူပေါင်း ၈ ထောင်နီးပါးကို ၂၀၂၅ ခုနှစ် မေလအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၂ ဦး ရှိကြောင်း စစ်ကောင်စီ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ လူပေါင်း ၂၆၂၄ ဦးကို စစ်ဆေးရာတွင် မေလ ၅ ရက် စာရင်းအရ တစ်ဦး၊ မေလ ၁၁ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ လူပေါင်း ၂၆၄၁ ဦးကို စစ်ဆေးရာတွင် မေလ ၁၉ ရက်နေ့ စာရင်းအရတစ်ဦး၊ စုစုပေါင်း ၂ ဦး ပိုးတွေ့ကြောင်း COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်သည်။
လက်ရှိ အာရှတိုက်တွင်းရှိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေပြီး ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၀၆၄၈၁ ဦး ရှိကာ သေဆုံးသူ ၂၆ ဦး ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ လူနာ ၃၃၀၃၀ ဦး ရှိပြီး သေဆုံးသူ ၂ ဦး ရှိခဲ့ကာ ထိုင်းနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်လာနေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ စတင် တွေ့ရှိချိန်မှ စတင်ကာ လက်ရှိ ၂၀၂၅ ခုနှစ် မေလအထိ ပိုးတွေ့သူ စုစုပေါင်း ၆၄၃၂၃၃ ဦး ရှိခဲ့ကာ သေဆုံးသူ ၁၉၄၉၄ ဦး ရှိသည် ဟုသိရသည်။
ဖေသန်း
#MeKongNews
#ကိုဗစ်၁၉
#မြန်မာနိုင်ငံ
#ကူးစက်မှုမြင့်တက်
#အာရှတိုက်








