မဲခေါင်၊ မေ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီမှ ပြည်သူများကို လစဉ်ငွေကြောင်း တောင်းခံခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ၎င်းတို့ခိုင်းသည်များ စိတ်တိုင်းမကျပါက တပ်စွဲထားသည့်နေရာမှ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ယနေ့ မေ၁၉ရက်တွင်ထုတ်ပြန်သည်။
ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် စစ်တပ်ကို တစ်အိမ်လျင် တစ်လကျပ်တစ်သောင်း လစဉ်ပေးနေရပြီး ၎င်းတို့သွားလာရန်အတွက် ရွာရှိ ကားများကို အလှည့်ကျ ချောဆွဲစေခိုင်းနေကြောင်း၊ ပြီးခဲ့သည့် မေလ ၄ရက်ကလည်း နွားဘန်းကြီးရွာရှိ ပြည်သူများထံမှ ဖုန်းအလုံး ၂၀၀ကျော်ကို သိမ်းထားခဲ့ပြီး ( တစ်ပတ်) ပြည့်သည့် မေလ၁၂ရက်တွင်မှ ပြန်ပေးခဲ့ကြောင်း သိရသည်။
DSNDA ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက “သူတို့ (စစ်တပ်)ခိုင်းလို့ လုပ်ပေးတဲ့အခါ စိတ်တိုင်းမကျဘူးဆိုပြီး စခတွေတပ်စွဲထားတဲ့ နေရာကနေ ရွာထဲကို လက် နက်ကြီးနဲ့ ပစ်ထည့်ခဲ့တာတွေ လုပ်တယ်။ လူထု အနေနဲ့ဒီအချိန်မှာ ဘယ်ဟာအကောင်း၊ ဘယ်ဟာအဆိုးလို့ ရှင်းပြနေစရာ မလိုတော့တဲ့အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် ခဏတာ လွတ်လပ်မှုတွေအပေါ်မှာ မသာယာနေပဲ တကယ့်အစစ်အမှန်လွတ်လပ်မှုကိုပဲ လိုလိုလားလား ရှိနေစေချင်ပါတယ်” ဟု မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီတပ်က ရွာကမတရားကောက်ခံထားတဲ့ ငွေ သိန်း၈၀ ကျော်ကို နယ်ပြောင်းသွားသည့် စစ်ကြောင်းမှူးဆိုသူက အကုန်သိမ်းယူပြီး နယ်ပြောင်းသွားခဲ့၍ဆိုကာ ယခုလအတွင်း ထပ်ပြီး ငွေထည့်ပေးဖို့တောင်းခံနေကြောင်း၊ ထို့ပြင် ရွာရှိအိမ်များကို လိုက်လံရှာဖွေပြီး အိုးအိမ်ထူထောင်ရန် စုဆောင်းထားသော သစ်ချောင်းများကို တွေ့ပါ တစ်အိမ်လျင် ကျပ် ၃ သိန်းမှ ၉ သိန်းအထိ တောင်းယူသွားရာ နေအိမ် ၁၀ အိမ်ခန့်မှ ပေးလိုက်ရကြောင်း သိရသည်။
အလားတူ ရွာငံမြို့နယ်မှ မျှားကလေးရွာ၊ အင်တောရွာ၊ လယ်ကိုင်းရွာတို့တွင်လည်း တစ်အိမ်ကိုကျပ်၂၀၀၀၀နှုန်းဖြင့် လစဉ်ပေးနေရကြောင်းသိရသည်။
ယခု မေလ ၁၅ရက်တွင်လည်း ရွာငံမြို့နယ်ရှိ ဂွေးပင်ရွာနှင့် တောင်ဦးရွာများသို့ သေနတ်များပစ်ဖောက်ကာ ဝင်လာပြီး ရွာသူ၊ ရွာသားအားလုံးကို စာသင်ကျောင်းသို့ခေါ်၍ လက်ပြန်ကြိုးတုတ်၊ မြေပြင်ပေါ် မှောက်ချခိုင်းကာ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ကြောင်း၊ စစ်သားအချို့က ယင်းသို့ နှိပ်စက်နေစဉ် ကျန်စစ်သားများက အိမ်များအတွင်ဝင်ရောက်မွှေနှောက်ကာ ငွေသားများ ခိုးယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ၁၁ရက်က ကလောအခြေစိုက် ခလရ ၃ ကလောမှ စစ်တပ်အရာရှိတစ်ဦးကို DSNDA မှ ပစ်ခတ်ရှင်းလင်းပြီးနောက် ကလောအခြေစိုက် တပ်မ၅၅ လက် အောက်ခံတပ်များက ရွာငံနယ်ထဲစစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဒုက္ခပေးနေခြင်းဖြစ်သည်။
မဟာ
#MeKongNews
#ရွာငံမြို့
#စစ်ကောင်စီ
#DSNDA
#ခလရ၃








