မဲခေါင်၊ မေ ၁၈
မိုးများပြီး တောင်ပြိုမြေများ ကျနေသည့် ဟိုပုံးမြို့နယ်အတွင်းရှိ တောင်ကြီး-လွိုင်လင်-နမ်စန် လမ်းပိုင်းဖြစ်သော မိုင်တိုင်အမှတ် ၁၄၃/၅ နှင့် ၁၄၃/၆အကြား (ထမ်ဆန်းဂူ အကျော် (၂) မိုင်ခန့်အကွာ) ကို တောင်ပြိုမြေများရှင်းလင်းရန်နှင့် လမ်းပိုင်းပြုပြင်ရန်အတွက် ၁၅ ရက်ကြာ ညအချိန် လမ်းပိတ်ထားမည်ဖြစ်ကြောင်း ကြေညာသည်။
၎င်းလမ်းပိုင်းကို မေလ ၂ဝရက်မှ ဇွန်လ ၃ ရက်နေ့အထိ ည ၁၀ နာရီ မှ နံနက် ၄ နာရီအချိန်အထိ လမ်းပိုင်းကို လုံးဝပိတ်ထားမည်ဖြစ်ကြောင်း၊ ပိတ်ထားသည့် ၁၅ ရက်တာကာလအတွင်း နောင်ခါးရွာအနီး မိုးမင်းသားစားသောက်ဆိုင်၊ မိုင်တိုင်အမှတ် ၁၃၈/၄ မိုင်မှ လွယ်ဝိုးတုတ်ရွာ၊ မြရတနာစားသောက်ဆိုင် မိုင်တိုင် အမှတ် ၁၄၄/၃ မိုင်ထိ ၆ မိုင် နီးပါးကို ညအချိန် ရှင်းလင်းပြုပြင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ လမ်းတံတားဌာနက ယနေ့ မေလ ၁၈ ရက်တွင် ကြေညာသည်။
ယင်းလမ်းပိုင်းတွင် မိုးများသည့်အတွက် မေလ ၁၅ ရက်ကတည်းက တောင်ပြိုနေခြင်းဖြစ်ပြီး ညပိုင်းရှင်းလင်းသော်လည်း နေ့ပိုင်းတွင် တောင်ထပ်ပြိုပါက ကားများ နေ့ပိုင်းတွင်ပါ ရပ်စောင့်ရဖွယ့်ရှိကြောင်း မိုင်းပန်-တောင်ကြီးလမ်း ယာဥ်မောင်းတစ်ဦးက ပြောသည်။
“(မေလ) ၁၅ ရက်ထဲက မိုးများပြီး တောင်ပြိုနေတာ၊ မြေသားရွှံစီးတွေက ဘက်ဟိုးနဲ့ ဖယ်ပေမယ့် တောက် လျှောက်ပြိုနေတာ။ မနေ့ကအထိ နေ့ခင်ပိုင်း ရှင်းနေတာ၊ အရေးပေါ်လူနာတင်ကားလောက်ပဲ ခဏလမ်းဖွင့်ပေးလို့ ကားတွေရပ်ထားရတာ၊ ခုလို ညပိုင်းရှင်းတယ်ဆိုပေမယ့် နေ့ပိုင်းထပ်ပြိုရင် ရပ်စောင့်ရမှာပဲ၊ ကျနော်တော့ အသွားအပြန်ကို မိတာ” ဟု ၎င်းကပြောသည်။
တောင်ကြီး-လွိုင်လင် လမ်းပိုင်းတွင် ယာဉ်ပိတ်ဆို့များပြားခြင်းကြောင့် ယာဥ်ငယ်အချို့ ပင်လုံ-ကျောက်တန်း လမ်းကို ရွေးချယ်မောင်းနှင်ကြပြီး၊ ယင်း ကျောက်တန်း -ပင်လုံ လမ်းပိုင်းသည် အတက်ကြီးအဆင်းရှည်များသဖြင့် အလွန်အန္တရာယ်များကာ မကြာခဏ ကားတိမ်းမှောက်မှုများရှိတတ်သည့် လမ်းဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်ကပင် ယာဥ်ငယ်တစ်စီး ချောက်ထဲထိုးကျကာ ယာဥ်မောင်းသေဆုံးမှု ဖြစ်ခဲ့သေးသည်။
မဟာ
#MeKongNews
#ထန်စမ်းဂူ
#ဟိုပုံးမြို့နယ်
#တောင်ကြီး
#လွိုင်လင်








