မဲခေါင်၊ မေ ၁၇
စစ်ကိုင်းငလျင်တွင် ထိခိုက်ပျက်စီးခဲ့ရသည့် ဘာသာရေးအဆောက်အအုံများ ပြုပြင်မွမ်းမံရန် အလှူခံကြောင်း မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့ရှိ ဘုရားစေတီ ၅၀၁၄ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၄၁၈၇ ကျောင်း၊ သီလရှင်ကျောင်း ၄၃၂ ကျောင်း၊ ခရစ်ယန်ဘုရား ကျောင်း ၅၂ ကျောင်း၊ ဗလီ ၁၄၂ လုံး၊ ဟိန္ဒူဘုရားကျောင်း ၂၇ ကျောင်း နှင့် တရုတ်ဘုံကျောင်းတစ်ကျောင်းတို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ ငလျင်ဘေးဒဏ်သင့် ဘာသာရေးအဆောက်အအုံများ ပြုပြင်မွမ်းမံရန်အတွက် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်သည် ဟု စစ်ကောင်စီက အသိပေးထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သည့် ငလျင်ဘေးဒါဏ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် နိုင်ငံတကာအစိုးရများမှ ဒေါ်လာ ၁၃၆.၈၈ သန်းခန့် အကူအညီပေးခဲ့သလို ပြည်တွင်းကုမ္ပဏီများနှင့် မြန်မာခရိုနီများမှလည်း ဒေါ်လာ ၅၅.၈၈ သန်းခန့် လှူဒန်းထားကြောင်း Blood money -သွေးစွန်းငွေက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ငလျင်ဘေးဒါဏ်အတွက် ဒေါ်လာ ၁၉၂.၇၆ သန်း အကူအညီ ရရှိထားသော်လည်း အကူအညီငွေကို တကယ်ဖြန့်ဝေမှုနှင့် ထိရောက်မှုအပေါ် အရေးကြီးသော မေးခွန်းများထုတ်စရာ ဖြစ်လာခဲ့ကြောင်း ထပ်မံပြောဆိုထားသည်။
နိုင်ငံတကာအကူအညီများကို သုံးစွဲမှုနှင့် ပါက်သက်ပြီး ဝေဖန်မှု ရှိလာနေချိန် စစ်ကောင်စီသည် ထိခိုက်ပျက်စီးသွားသည့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံများကို မူလပုံစံ မူလအရွယ်အစားအတိုင်း မွမ်းမံပြင်ဆင်ရန် အလှူခံကြောင်း နိုင်ငံတကာရှိ မြန်မာသံရုံးများမှ တဆင့်ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည် တောင်ပိုင်းတွင် ငလျင်ဘေးကြောင့် ကလော၊ အောင်ပန်း၊ အင်းလေး၊ ဟိုပုန်း၊ ပင်လောင်းနှင့် ရွှေညောင် ဒေသတို့တွင် ဘုရားစေတီပုထိုးများ၊ လူနေအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိအချိန်ထိ ရှမ်းပြည် တောင်ပိုင်း အင်းလေးဒေသအတွက် စစ်ကောင်စီထံမှ ထိရောက်သည့် ပံပိုးမှု မရသေးဘဲ ရရှိထားသည့် အကူအညီအများစုမှာလည်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ တိုက်ရိုက်အလှူများသာဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသတွင် သေဆုံးသူ ၈၉ဦး ရှိခဲ့ကာ အိမ်ခြေစုစုပေါင်း ၂၃၃၇ လုံးမှာ ပြန်လည်နေထိုင်၍ မရတော့သည့်အထိ ပျက်စီးခဲ့ကြောင်း The Human Rights of Inle Region -အင်းလေးဒေသ လူ့အခွင့်အရေးက ထုတ်ပြန်ထားသည်။
ဖေသန်း
#MeKongNews
#စစ်ကိုင်းငလျင်
#စစ်ကောင်စီ
#ဘာသာရေးအဆောက်အအုံ
#အလှူခံ








