မဲခေါင်၊ မေ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ၊ သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်တွင် အကြီးစားသတ္ထုတူးဖော်နေသည့် တရုတ်ကုမ္ပဏီနှင့် လေးပွင့်ကြယ်ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြသည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်အောင်နိုင်စိုးနှင့် လူငယ်အတွင်းရေးမှူး၊ သပိတ်ကော်မတီ တာဝန်ခံ ခွန်းခိုင်မင်းနိုင်ကို ယနေ့ မေလ ၁၆ရက်နေ့တွင် ကယန်းပြည်သစ်ပါတီရဲဘော်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့မေလ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ကယန်းပြည်သစ်ပါတီ အမှတ် (၂)ရုံး၊ ကယန်းအမျိုးသားခေါင်းဆောင် ဦးရွှေအေး၏ နေအိမ်တွင် ၎င်းတို့ ၂ ဦးကို ကယန်းပြည်သစ်ဥက္ကဌ သန်းစိုးနိုင်၏ရဲဘော်များမှ ရွာလူထုရှေ့တွင် လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့ ကုမ္ပဏီကို ဆန္ဒပြတာ၊ တွေ့ဆုံဖို့ဆိုပြီး ရွာကျမှ လက်ထိတ်ခပ်ဖမ်းခေါ်သွားတာ။ ရွာလူထုက ဘာဆက်လုပ်မယ် မသိရဘူး” ဟု ၎င်းကပြောသည်။
မြင်းမထိတောင်တွင် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ပိုင်သည့် လေးပွင့်ကြယ်ကုမ္ပဏီသည် ဒေသခံများ ဆန္ဒမပါဝင်ဘဲ တရုတ်နိုင်ငံ မစ္စတာဝမ်ကုမ္ပဏီနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုကာ အကြီးစားခဲသတ္တု တူးဖော်မည့်ကိစ္စကို ဒေသခံ ပရာဒေါင်းဆွေမျိုးစုက ၂၀၂၅ခုနှစ် မတ်လကတည်းက ကန့်ကွက်နေခြင်းဖြစ်ပြီး ကုမ္ပဏီဘက်မှ ရပ်တန့်ခြင်းမရှိသည့်အတွက် ဆန္ဒပြသည်အထိဖြစ်လာရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၉ ရက်တွင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစုအကြား ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီ ၁၅ ဦးက သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် ခန်းမဆောင်၌ လာရောက်စေ့စပ်ညှိနှိုင်းပေးခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှု အောင်မြင်မှု မရှိခဲ့ပေ။
ပရာဒေါင်းဆွေမျိုးစု၏ မေလ ၉ ရက် ထုတ်ပြန်ချက်တွင် သတ္တုကုမ္ပဏီကို ယနေ့ မေလ ၁၆ ရက်တွင် နောက်ဆုံးထား ထွက်ခွာသွားရန် ပါရှိသည်။
လက်ရှိတွင် အဖမ်းခံထားရသူ နှစ်ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရကြောင်း ရွာလူထုက ပြောသည်။
မဟာ
#MeKongNews
#မြင်းမထိတောင်
#ပရာဒေါင်းဆွေမျိုးစု
#ခွန်အောင်နိုင်စိုး
#ကယန်းပြည်သစ်ပါတီ
#သန်းစိုးနိုင်








