မဲခေါင်၊ မေ ၁၆
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်၊ ထိုင်းနိုင်ငံနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာဝေးသည့် နေရာရှိ မြေရှားသတ္တုတွင်းလုပ်ကွက် ၂ကွက်၏ ဂြိုလ်တုဓာတ်ပုံများကို ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် – SHRFက မေလ၁၅ရက်တွင် ထုတ်ပြန်သည်။
ယင်းဂြိုလ်တုဓာတ်ပုံများကို ၂၀၂၅ခုနှစ် မေလ ၆ရက်နှင့် ဇန်နဝါရီလ ၁၂ရက်တို့တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ချင်းမိုင်ခရိုင်၊ မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာသာ ကွာဝေးသော မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ တွင်း၏ ပုံရိပ်များကို ထင်ရှားစွာ ပြသနေသည်။
ဂြိုလ်တု ဓာတ်ပုံပါ နေရာ၂ခုမှာ ရှမ်းအရှေ့နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် စီးဆင်းနေသည့် နမ့်ခုတ်မြစ် အနောက်ဘက်မှ ၂.၆ ကီလိုမီတာနှင့် မြစ်၏ အရှေ့ဘက်မှ ၃.၆ ကီလိုမီတာတို့တွင် တည်ရှိနေကြောင်း၊ ကချင်ပြည်တွင် တရုတ်ကုမ္ပဏီများ Terbium (Tb) နှင့် Dysprosium (Dy) ပမာဏများစွာ တူးဖော်နေ သည့် မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အဝိုင်းများအား စီတန်းထားသည်ကို မြင်ရသောကြောင့် မြေရှားသတ္တုတွင်း လုပ်ကွက်များဟု ကောက်ချက်ချခြင်းဖြစ်ကြောင်း SHRF က ထုတ်ပြန်သည်။
“အခုက နမ့်ခုတ်မြစ်အောက်ပိုင်းက ၂နိုင်ငံ (မြန်မာ၊ ထိုင်း) ပြည်သူတွေအတွက် အရမ်းစိုးရိမ်စရာဖြစ်နေလို့၊ သက်ဆိုင်ရာက သူတွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေ လုပ်ဖို့တောင်းဆိုချင်ပါတယ်”ဟု SHRF မှ ယိင်းလျန်းဟန်က မဲခေါင်ကို ယနေ့ မေ၁၆ရက်တွင် ပြောသည်။
မြေရှားသတ္တုတွင်းတူးဖော်မှုသည် သဘာ၀ပတ်၀န်းကျင်ကို ပြင်းထန်စွာထိခိုက်စေသော “မြေတွင်းသို့ ဓာတုပစ္စည်းထည့်၍ သတ္တုထုတ်ယူခြင်း” ဆိုသည့် မြေကြီးကိုတူးဖော်စရာမလိုဘဲ မြေအောက်ရှိ သတ္တုရိုင်းများထဲသို့ ဓာတုဆေးရည်များကို ထိုးသွင်း၍ သတ္တုများကို အရည်အဖြစ် စိမ့်ထွက်စေကာ စုပ်ယူထုတ်လုပ်သည့် နည်းပညာဖြင့် တူးဖော်ခြင်းဖြစ်သည်။
မြေရှားသတ္တုတွင်းများတည်ရှိရာ မိုင်းယွန်းဒေသသည်စစ်ကောင်စီနှင့် UWSA တို့ ပူးပေါင်းထိန်း ချုပ်ရာ ဒေသဖြစ်ပြီး ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းများအရ နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာခန့်ကွာ၀ေးသော မြေရှားသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာကျော် ကွာဝေးသော မြေရှာသတ္တုတွင်းမှာမူ ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း SHRF က ဆိုသည်။
ထိုင်းနိုင်ငံတွင် နမ့်ခုတ်မြစ်သည် ချင်းမိုင်ခရိုင်၊ မယ်အိုင်းမြို့နယ်၊ တာတွန်းရွာ မှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ်တွင် မဲခေါင်မြစ်အတွင်းသို့ စီး၀င်သည်။
မြေရှားသတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်အတွင်းသို့ စီး၀င်သော ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး နယ်စပ် ၂ဘက်လုံးရှိ မြစ်အောက်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက် လာမည်ကို စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း SHRF က သတိပေးသည်။
SHRF မှ မိုင်းဆတ်မြို့နယ်၊ နမ့်ဆိုင်မြစ်နှင့် နမ့်ခုတ်မြစ်အနီးရှိ ရွှေတူးဖော်သည့်လုပ်ကွက်များ၏ ဂြိုလ်တုဓာတ်ပုံများကိုလည်း ပူးတွဲထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#ရှမ်းအရှေ့
#မြေရှားသတ္တု
#မိုင်းယွန်း
#မိုင်းဆတ်မြို့နယ်








