မဲခေါင်၊ မေ ၁၄
စစ်ကောင်စီအုပ်ချုပ်ရေးပြန်လည် လည်ပတ်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိူးမြို့တွင် လေဆိပ်ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက အလောတကြီးပြင်ဆင်နေကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယခုလ ၂ ရက်မှ စတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မရပ်မနားပြင်ဆင်နေကြောင်း လားရှိူးမြို့ မြေပြင်သတင်းအရင်းမြစ် တစ်ဦးက မဲခေါင်ကို ပြောသည်။
လေဆိပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့်သာ ပြင်ဆင်နေပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း၊ မေလ ၂၂ ရက်တွင် ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း၊ လေဆိပ်ပြန်လည်ဖွင့်လှစ်နိုင်လျှင် ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်လာနိုင်ကြောင်း ယင်းသတင်းရင်းမြစ်က ဆိုသည်။
“အဓိက ဘဏ်လုပ်ငန်း ပိုကောင်းနိုင်တယ်။ ငွေတွေ ပို့နိုင်မယ်။ ကုန်းလမ်းနဲ့မလာချင်တဲ့ မလာရဲတဲ့လူတွေအတွက် အဆင်ပြေမယ်” ဟု ၎င်းက ရှင်းပြသည်။
လေယာဉ်လက်မှတ် အရောင်းဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း လားရှိုးလေယာဉ် ခရီးစဉ်များ ပြန်လည်ရောင်းချနေပြီး မေလ ၂၂ ရက်မှ စတင်ကာ ခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း၊ လားရှိုး-ရန်ကုန် ခရီးစဉ်မှာ တစ်ကြောင်းလျှင် ကျပ် ၅၆၅၀၀၀၊ လားရှိုး-တာချီလိတ် လက်မှတ်တစ်စောင်လျှင် ၃၉၉၀၀၀ ကျပ်၊ လားရှိုး-မန္တလေးမှာ ၃၃၉၀၀၀ ကျပ်နှင့် မန္တလေး-လားရှိုးခရီးစဉ်မှာ ၃၄၇၀၀၀ ကျပ် ကျသင့်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် လားရှိုးမြို့ဆေးရုံအားဖွင့်လှစ်ခဲ့ပြီး လေဆိပ်ဖွင့်လှစ်ပါက ဒုတိယမြောက်ဌာနဆိုင်ရာ အဆောက်အဦ ဖွင့်လှစ်ခြင်းဖြစ်လာမည် ဖြစ်သည်။
လားရှိုးမြို့ကို ဧပြီလ ၂၁ ရက်နေ့တွင် MNDAA တပ်မှ စစ်ကောင်စီလက်ထံ ပြန်လည်အပ်နှံခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စတင်ဝင်ရောက်လာကာ လက်ရှိအချိန်အထိ စစ်ကောင်စီအုပ်ချုပ်ရေးများ လည်ပတ်နေသည်။
ဂနိုက်
#MeKongNews
#လားရှိုးလေဆိပ်
#ရှမ်းမြောက်
#စစ်ကောင်စီ
#လေယာဉ်ခရီးစဉ်








