မဲခေါင်၊ မေ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄)မှ ပြည်သူများက လှူဒါန်းသည့် ဘိလပ်မြေအိတ်များကို မေလ ၁၁ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။
ကုန်တင်ယာဥ်ကြီးများဖြင့် ရောက်လာသည့် ဘိလပ်မြေအိတ်များကို အင်းလေးဒေသရှိ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဘိလပ်မြေတွေက အင်းလေးမှာ ရှိတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက်ပါ။ စုစုပေါင်း တန်ဖိုးငွေက ကျပ်သိန်းပေါင်း ၁၄၀ ကျော်ဖိုး ရှိပါတယ်။ မိုင်းလားက တိုင်းရင်းသား ပြည်သူတွေ စုပေါင်းပြီး လှူတာပါ” ဟု အလှူရှင် တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄) မှ တိုင်းရင်းသား ပြည်သူများသည် မန္တလေးမြို့မှ ငလျင်ဒဏ်သင့် ပြည်သူများအတွက်လည်း လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ကုန်တင်မော်တော်ယာဥ်များဖြင့် ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းလား
#စစ်ကိုင်းငလျင်
#ဘိလပ်မြေအိတ်
#အင်းလေးဒေသ




















