မဲခေါင်၊ မေ ၁၂
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုး ၂ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ယမန်နေ့ညပိုင်းက ထပ်မံဖမ်းဆီးရမိကြောင်း ဒေသခံများထံက သိရသည်။
မေလ၁၀ရက်၊ ည၉နာရီကျော်ခန့်တွင် ရပ်ကွက်ကြီး (၅)၊ လွယ်နော့ရပ်၊ နောင်တုံကန်ပတ်လမ်းတွင် ယခင် CCTV မှတ်တမ်းပါ ဆိုင်ကယ်ခိုးယူတစ်ဦးကို အဖော်တစ်ဦး၊ စီးလာသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို ဖြစ်စဉ်သိသူတစ်ဦးက ပြောသည်။
“ရဲတွေက မသင်္ကာလို့ လိုက်တာ၊ တစ်ယောက်ကိုချက်ခြင်းမိတယ်။ တစ်ယောက်ကို အနားက လူတွေက တုတ်တွေနဲ့ လိုက်လို့မိတာ”ဟု ၎င်းကပြောသည်။
ဖမ်းဆီးရမိသူများမှာ အသက်၂၇ အရွယ် လော်အိုးနှင့် ကျဖ တို့နှစ်ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ Honda Wave I 110 နီ/နက် 2024 Model ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိကြောင်း သိရသည်။
CCTV မှတ်တမ်းအရ တိုက်ဆိုင်စစ်ဆေး၍ ဖမ်းမိခြင်းဖြစ်ပြီး ယခုမိသည့် သူခိုးများမှာ ကျိုင်းတုံမြို့ပြင် ကျေးရွာများမှဟု သိရကြောင်း ခိုးရသမျှဆိုင်ကယ်များကို မိုင်းခတ်၊ တာချီလိတ်ဘက်သို့ တိုက်ရိုက်ရောင်းချခဲ့သည်ဟု ၎င်းတို့ကပြောကြောင်း သိရသည်။
ယင်းနေ့ မေလ၁၀ရက် နေ့လယ်ပိုင်းကလည်း လဝကရုံးနောက်ဘက်ရှိ အငှားတိုက်ခန်း မှ ဆိုင်ကယ်တစ်စီးအလစ်သုတ်ခံခဲ့ရကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များကို နေ့စဥ်လိုလို အလစ်သုတ်၊ ဖောက်ထွင်းခိုးယူ ခံနေရသဖြင့် GPS၊ အလန်းများ တပ်ထားရန်၊ ချက်ဆီကို မှတ်တမ်းရိုက်ထားရန်၊ တတ်နိုင်သမျှသော့များခတ်ထားရန်၊ သော့တန်းလန်းမထားရန်တို့ကို သတိပေးလျက်ရှိသည်။
ခိုးခံရခြင်း၊ မသင်္ကာအခြေအနေများ တွေ့ကြုံနေရပါက သက်ဆိုင်ရာများကဖော်ပြထားပြီး ၂၄ နာရီဖွင့်ထားသည့် ဖုန်းနံပတ်သို့ အမြန်ဆုံးဆက်သွယ်ရန်၊ လူထုအားဖြင့် ဖမ်းမိပါကလည်း လက်လွန်ခြေလွန်မဖြစ်စေဘဲ ဥပဒေအဖွဲ့အစည်းများသို့ ဆက်သွယ်အကြောင်းကြားရန် ကျိုင်းတုံဒနရုံးတာဝန်ခံက လူမှုကွန်ရက်တွင်ဖုန်းနံပတ်နှင့်အတူ ဖော်ပြနေကြောင်း သိရသည်။
ယခုမေလဆန်းမှ ယနေ့အထိ ဆိုင်ကယ်သူခိုး ၉ဦး ဆိုင်ကယ် ၁၀ စီး ဖမ်းဆီးရမိထားပြီးကြောင်းသိရသည်။
#MeKongNews
#ဆိုင်ကယ်သူခိုး
#ကျိုင်းတုံ
#နောင်တုံကန်ပတ်လမ်း
#ရှမ်းအရှေ့








