မဲခေါင်၊ မေ ၁
ပြည်သူလူထုထံမှ အတင်းအကြပ်အခွန်ကောက်ခံနေသည့် PNO ပြည်သူ့စစ်သည် ရုရှားမှသင်တန်းနည်းပြဆရာကို ကျပ်သိန်း ၄ သောင်း အကုန်အကျခံခေါ်ယူကာ အထူးကွန်မန်ဒိုသင်တန်းကို ပြုလုပ်ခဲ့ပြီး ယနေ့ မေလ ၁ ရက်၌ သင်တန်းဆင်းကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖြစ်သည့် PNO/PNA သည် အထူးကွန်မန်ဒိုသင်တန်းကို တပ်သား ၁၅၀ ဖြင့် ၅ လကြာနီးပါး ပြုလုပ်ခဲ့ကြောင်း၊ ယင်းသင်တန်းအတွက် ရုရှားနည်းပြဆရာကို ကျပ် သိန်း ၄ သောင်းပေးကာ ငှားရမ်းခဲ့ကြောင်း၊ ယင်းငွေများမှာ ပအိုဝ်းပြည်သူများထံမှ ကောက်ခံထားသည့် ငွေများဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပအိုဝ်းပြည်သူကို ပိုက်ဆံကောက်ပြီး ရုရှား သင်တန်းဆရာကို သိန်း လေးသောင်း ပေးခေါ်ယူ သင်တန်လုပ်ပြီး ဒီနေ့သင်တန်းဆင်းပါပြီ” ဟု ၎င်းကပြောသည်။
PNO အာဘော် မောင်မူးခံ – MMK သတင်းဌာနကမူ အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားငြိမ်းချမ်းရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ဖွင့်လှစ်သော အဆင့်မြင့်စစ်ရေးအထူးကွန်မဒိုသင်တန်းဆင်းပွဲကို မေလ ၁ ရက်နေ့၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၄)၊ လေ့ကျင့်ရေးကွင်း(အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ခဲ့ကြောင်း၊ ယခုပြုလုပ်သော ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အထူးကွန်မန်ဒိုသင်တန်းကို နိုင်ငံခြားမှ သင်တန်းနည်းပြဆရာများ ဌားရမ်းပြီး သင်တန်းကာလ (၅)လ နီးပါးကြာမြင့်ကာ အထူးကွန်မဒိုသင်တန်းသား (၁၅၀)ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်အနေဖြင့် ပအိုဝ်းဒေသအတွင်း အခွန်ဟုဆိုကာ ဆက်ကြေးအများအပြားကို အတင်းအဓမ္မကောက်ခံနေပြီး ပြည်သူလူထုကို နှိပ်စက်လျှက်ရှိကြောင်း ဒေသခံများကပြောသည်။
Photo – မောင်မူးခံ MMK News
#MeKongNews
#PNO
#ပြည်သူ့စစ်
#ပအိုဝ်းဒေသ
#ရုရှားသင်တန်းဆရာ
#အထူးကွန်မန်ဒိုသင်တန်း








