မဲခေါင်၊ မေ ၁
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ရှေ့တန်းတိုက်ခိုက်ရေးတပ်စိတ်မှူးဟောင်း ရဲဘော်သာလှိုင် ဧပြီ ၃၀ ရက်နေ့တွင် အဆုံးစီရင်ပြီး ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သူမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၃) စစ်ဒေသ၊ ကယားစစ်ဒေသခွဲ အမှတ် ၁၁၀၉ တပ်ရင်းမှ ရဲဘော်သာလှိုင်ဖြစ်ကြောင်း ၎င်းတပ်ရင်းမှပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်ကို ပြောသည်။
“ရဲဘော်သာလှိုင်က ကျနော်တို့တပ်ရင်းမှာ တပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပေါ့နော်။ ၂၀၂၄ ဒီဇင်ဘာလမှာ သူ့မိသားစုအခြေအနေကြောင့် ဆိုင်ကယ်ပြင်ဆိုင်မှာ ပညာသင်ရင်း ပိုက်ဆံစုနေတာ၊ သေဆုံးမှုကိုတော့ သွေးရိုးသားရိုး ဟုတ်၊ မဟုတ် စစ်ဆေးရင်း တပ်ရင်းက ဆရာမတွေနဲ့ Suicide Case(အဆုံးစီရင်မှု)ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။
ရဲဘော်သာလှိုင်သည် ၁၀၀၉ တပ်ရင်းမဖြစ်လာမီ ယခင် KDF တပ်ဖွဲ့ စတင်တည်ထောင်စဥ်မှစတင်ကာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပေါင်းများစွာတွင် တပ်စိတ်မှူးအဆင့်အထိ တာဝန်ယူခဲ့သူဖြစ်သည်။
တပ်တွင်း၌လည်း အနေအေးပြီး စစ်စည်းကမ်းလိုက်နာသူ ရဲဘော်သာလှိုင်သည် ကွယ်လွန်ချိန်၌ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်များအား ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ကြေးပေးသွားမည်ဖြစ်ကြောင်း ၁၁၀၉ တပ်ရင်းက ဆိုသည်။
ရဲဘော်သာလှိုင်၏ ရုပ်အလောင်းအား ဒေသခံကျေးရွာသားများမှ စတင်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းနှင့်အတူ အဆုံးစီရင်သည့် ကြိုးကွင်းနှင့် အသုံးအဆောင်ပစ္စည်းတချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင်လည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် လူငယ်အမျိုးသားတဦး လမ်းဘေးသစ်ပင်၌ ကြိုးဆွဲချ အဆုံးစီရင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ဂနိုက်
#MeKongNews
#ရဲဘော်သာလှိုင်
#ဒီးမော့ဆို
#၁၁၀၉တပ်ရင်း
#ကရင်နီ
ဓာတ်ပုံ – ၁၁၀၉ တပ်ရင်းပြန်ကြားရေး








