မဲခေါင်၊ ဧပြီ ၂၉
ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့်သီပေါမြို့နယ်အတွင်းပါဝင်သည့် နမ့်မ(နမ္မ)ရှိ SSPP တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းက အင်အား၂၀၀ခန့်ရှိသည့် ကိုးကန့်တပ်ဖွဲ့က နမ့်မတွင် အင်အား၁၀၀ခန့်ရှိသည့် SSPP တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးရိုက်နှက်ခံရကြောင်း ဖြစ်စဉ်ကိုသေချာစွာသိသည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။
“အဲနားက ကျောက်မီးသွေးလုပ်ကွက်ကို ကိုးကန့်ကဝင်ချင်တာ၊ အဲစခန်းက အရင်၁၀နှစ်လောက်ကတည်းက SSPP က စခန်းထိုင်ထားတာ၊ ဒီမနက်မှာ တော့ SSPP က ပြန်တိုက်တယ်။ ရွာသားတွေကတော့ ရွာဘုန်းကြီးကျောင်းမှာ ရှောင်နေကြတယ်။ အထိအခိုက်တော့ မသိရဘူး” ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နှစ်ဘက်တပ်များကထုတ်ပြန်ခြင်းမရှိသေးသလို မဲခေါင်အနေဖြင့်လည်း ဆက်သွယ်၍မရသေးပေ။
နမ့်မ မှာ လားရှိုးမြို့၏ အနောက်တောင်ဘက် မိုင်၂ဝခန့်အကွာ၊ သီပေါ၏ အရှေ့မြောက်ဘက် မိုင်၅၀ခန့်အကွာရှိပြီး ကျောက်မီးသွေးလုပ်ကွက်များရှိနေကြောင်းသိရသည်။
ကိုးကန့် MNDAAနှင့် SSPP တို့မှာ UWSA၊ NDAA၊ KIA ၊AA၊ TNLA တို့နှင့်အတူ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်ပြီးခဲ့သည့်နှစ်အတွင်းကလည်း သိန္နီနယ်ဘက်တွင် ထိတွေ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မဟာ
#MeKongNews
#MNDAA
#SSPP
#သိန္နီ
#နမ့်မ
#ကျောက်မီးသွေးတွင်း








