မဲခေါင်၊ ဧပြီ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဘုရားတောင်ရေပူအုပ်စု၊ နမ့်ပွန်ရွာ အနောက်ဖက်တွင် တပ်ချထားသည့် PNO/PNA တပ်ရင်း ၇ မှ ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ကာသတ်သေခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယင်း PNO/PNA တပ်အပါအဝင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီ ၂၅ ရက်တွင်ယင်းသို့ သတ်သေမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
“စစ်ကောင်စီတပ်က တိုက်ပွဲပြီးတော့ PNA တွေကို ဆဲဆို အပြစ်တင်တာမှာ အဲဒီတပ်သားက သူ့သေနတ်နဲ့သူ ပစ်သတ်သေတာ၊ အသက် ၃၀ လောက်ပဲရှိသေးတယ်။ ဘုရားတောင်ရွာကတဲ့၊ ပြည်သူ့စစ်လုပ်တာ မကြာသေးဘူးပဲ သိရတယ်ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်တွင်းနှင့် လက်အောက်ခံ PNA တပ်ဖွဲ့များသည် တော်လှန်ရေးတပ်များသို့ ထွက်ပြေးခိုလှုံနေကြသလို တပ်တွင်းအလျှံပယ်ရရှိနေသည့် မူးယစ်ဆေးဝါးများ၊ အနိုင့်ကျင့်ခံရမှုများ၊ ကိုယ်ပိုင်ဘဝဆုံးရှုံးရမှုများ စသည့်အကြောင်းများကြောင့် စိတ်ဓာတ်ကျဆင်းကာမိမိကိုယ်ကို လုပ်ကြံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသရှိ လူငယ်၊ လူရွယ် အသက်၁၈နှစ်အထက် အမျိုးသား၊ အမျိုးသမီးများမှာ PNO/PNA ပြည်သူ့စစ်အတွင်းအတင်းအဓမ္မ မဝင်မနေရ အမိန့်ဖြင့် အင်အားစုဆောင်းခံနေရသလို တိုက်ပွဲများအတွင်း ရှေ့တန်းမှ အသေခံတိုက်ခိုင်းခံနေသည့်အတွက် သေဆုံးသူများပြားလျက်ရှိကြောင်း ရှမ်းတောင်တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်များတွင် ပါရှိသည်။
မဟာ
#MeKongNews
#PNO
#ပြည်သူ့စစ်
#စစ်ကောင်စီ
#အင်းလေးဒေသ








