မဲခေါင်၊ ဧပြီ ၂၃
ရှမ်းပည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်သည့် နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် ကလေးငယ် ၂ ဦး လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာမှတဆင့် ပေါက်ကွဲကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ဧပြီလ ၂၀ ရက် နေ့လယ် ၂ နာရီအချိန်တွင် ကလေးငယ်များ ဖခင်ဖြစ်သူနှင့်အတူ လက်ဖက်ခြံရှိ ရေချောင်းတစ်ခုတွင် ရေသွားချိုးပြီးနောက် အိမ်ပြန်ချိန်လမ်းဘေးတွင်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာတွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် မောင်ကြယ်စင်အောင် ၈ နှစ်မှာ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မသီရိရတနာထွန်း ၅ နှစ်မှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ယင်းကလေးငယ် ၂ ဦးကို ဒေသခံများမှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်ကလည်း မိုင်းယော်မြို့နယ်၊ မန်ကန်ကျေးရွာတွင် အမျိုးသား ၂ ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့ရာမှ ပေါက်ကွဲကာ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
မဟာ
#MeKongNews
#TNLA
#နမ့်ဆန်
#လက်ပစ်ဗုံး
#ကလေးငယ်








