မဲခေါင်၊ ဧပြီ ၂၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီနဲ့တရုတ် ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ဖြင့်လာသူများက ဓားဖြင့်ခုတ်ကာ ပစ္စည်းလုယူရန် ကြိုးစားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီလ ၂၃ရက်၊ နံနက် ၈ နာရီ ခန့်၌ ရပ်ကွက် (၁)၊ ပါရမီလမ်းသွယ်၊ ထင်းရှုးမြိုင် ၂၀၇ သွားလမ်းတွင် ကလေးများကို စာသင်ပြီး လမ်းလျှောက်ပြန်လာသူ ဆရာမခေါင်ညွယ်ကို ဆိုင်ကယ်စီးလာသူ ၂ ဦးက ဓားဖြင့်ခုတ်ပြီး ဖုန်းနှင့် ပစ္စည်းများ လုယက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက ပြောသည်။
“စာသင်တာဆိုတော့ ဇစ်ကွမ်ပါဘူးလည်း ကိုင်ထားပါတယ်။ ဖုန်းလုရင်း လမ်းဘေးချုံးမှာ ဖုန်းတစ်ဖက်ပစ်လိုက်၊ ကွမ်ပါဘူး တစ်ဖက်ပစ်လိုက်နဲ့ အဲ့မှာ နဘမ်းလုံးရင်း ဓါးပြက လည်ပင်းမှာ ဓါးအရှည်နဲ့ ခုတ်ဖို့ ရွယ်လိုက်တာနဲ့ ညီမက လက်နဲ့ကာလိုက်တာ လက်မှာဒဏ်ရာ အကြီးရသွားတာ” ဟု ၎င်းက ပြောသည်။
လုသူများက ကွမ်ပါဘူးကိုပါ ဖုန်းထင်ကာ လိုက်ကောက်ယူပြီး ဆိုင်ကယ်ကို မောင်းထွက်သွားသည့်အတွက် ဖုန်းမှာ လုယူသူများထံ မပါသွားကြောင်း၊ ကွမ်ပါဘူးမှန်းသိသည့်အခါ မနီးမဝေးတွင် လွှင့်ပစ်ခဲ့သည့်အတွက် ကလေးများက ပြန်ကောက်ယူလာကြောင်း၊ လုယက်သူ၏ ဖိနပ်တစ်ဖက်လည်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။
လည်ပင်းကိုခုတ်သည့် ဓားကိုကာရင်း ဘယ်လက်တွင်ရလာသည့် ဒဏ်ရာကို ဆေးရုံကြီးမှ တာဝန်ယူကုသမှု ရှိ၊ မရှိ မသိရသဖြင့် ပြင်ပဆေးခန်းတွင် ချုပ်ခဲ့ရသည်ဟု ဆိုသည်။
မကြာသေးမီကလည်း ယင်းရပ်ကွက်၁အနီးအနားရှိ ညောင်ပင်ကြီးနားတွင် အိတ်အလုခံရသဖြင့် ငွေ ၁၀သိန်းနှင့်မှတ်ပုံတင် ပါသွားသူလည်းရှိနေသဖြင့် လူပြတ်သည့်လမ်းများကို တစ်ယောက်တည်းမသွားရန်၊ ဖုန်းများ ယူဆောင်မသွားကြရန် ပြည်သူအချင်းချင်းသတိ ပေးနေကြ သည်။
လက်ရှိ လားရှိုးတွင် တရုတ်ကိုယ်စားလှယ်နှင့် စစ်ကောင်စီတပ်အချို့ရှိနေပြီး MNDAA ဆုတ်ခွာချိန် စစ်ကောင်စီပြန်လည်ဝင်ရောက်ချိန်ဖြစ်သဖြင့် အုပ်ချုပ်ရေးယန္တရားပျက်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းကာ ပြည်သူအများ ဘဝလုံခြုံမှု မရှိတော့သလို ခံစားရကြောင်း ဒေသခံများက ပြောသည်။
မဟာ
#MeKongNews
#လားရှိုး
#လုယက်မှု
#စစ်ကောင်စီ
#တရုတ်








