မဲခေါင်၊ ဧပြီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိရွာသစ်ကို စစ်ကောင်စီ၏ စကခ ၇ က လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အတွက် စစ်ရှောင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ သတင်းပြန်ကြားရေးက ယနေ့ထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၂၁ ရက် ၊ နေ့လည် ၁ နာရီ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့ပေါ် စကခ (၇)တပ်စခန်း မှ ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိရွာသစ်သို့ လက်နက်ကြီး ၁၀ ချက်နှင့်အထက် ပစ်ခတ်ခဲ့ပြီး ယင်းလက်နက်ကြီးကြောင့် စစ်ရှောင် ၇ ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ထံမှ သိရသည်။
“အမှန်တော့ ဒီကောင်တွေက ရမ်းသန်းပစ်တာ မဟုတ်ဘူးဗျ၊ ပြည်သူတွေရှိမှန်းသိတာကို ယုတ်မာပြီး ပစ်နေတာပါ။ ပြည်သူများအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာကြရန် သတိပေးတိုက်တွန်းအပ်ပါတယ်” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ သတင်းပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်ကို ပြောသည်။
ထိခိုက်ဒဏ်ရာရသော လူထုကို ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး PKHC အဖွဲ့မှ ဆေးကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသော အသက် ၄၀ ဝန်းကျင် အမျိုးသမီးကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် ၈ နှစ်အောက် ကလေးလေး ၃ ဦး ပါဝင်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ဖယ်ခုံ
#လက်နက်ကြီး
#ဒဏ်ရာရ
#စစ်ကောင်စီ








