မဲခေါင်၊ ဧပြီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနှင့်ပင်းတယကြားရှိရွာများကို စစ်ကောင်စီတပ်က တပ်ထိုင်စစ်ကြောင်းထိုးနေပြီး ရွာများရှိ ကားပိုင်ဆိုင်သူ များထံက ကားများကို အဓမ္မဆင့်ခေါ်ချောဆွဲ အသုံးပြုနေကြောင်း ဒေသခံများထံက သိရသည်။
ရွာငံ- ပင်းတယ အကြား ရွာများဖြစ်သည့်လင်းဝေး ၊အလယ်ချောင်၊ သိမ်ကုန်း ၊အုတ်တွင်း၊ ပါယ်ကင်း၊ သဖန်းပင်နှင့် ကျောက်တော စသည့်ကျေးရွာများမှ လိုင်စင်ရှိ၊ လိုင်စင်မဲ့ကားများကို ချောဆွဲ အသုံးပြုနေခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့က ကားတွေကို ရောက်တဲ့နေရာ ပစ်ထားခဲ့တာ၊ အင်အား ၁၀၀ ကျော်ပဲ။ ဟိုတလောက စစ်ဗိုလ်ပစ်သတ်ခံရတာရော၊ သဖန်းပင်က ၄ ဦး သတ်ခံရတာရောနဲ့ စစ်ကြောင်းထိုးနေတာ။ သင်္ကြန်တွင်းထဲက ခုထိပဲ။ သူတို့လာရင် ဖုန်းတွေပါစစ်မှာစိုးရိမ်လို့ မသုံးရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က သဖန်းပင်ကျေးရွာမှ ပျူစောထီး ၃ ဦးနှင့် ၈ တန်းကျောင်းသား ၁ ဦး အသတ်ခံရသလို ဧပြီ ၁၁ ရက်ကလည်း ခလရ ၃ ကလောမှ စစ်ကောင်စီတပ်မှ ၃ ပွင့်အဆင့် အရာရှိဖြစ်သူ မျိုးဇော်သန်း ၃၅ နှစ်ကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ပစ်ခတ်ရှင်းလင်းခဲ့သဖြင့် ယခုလို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံများ ယူဆနေကြကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့ကို ပစ်သတ်ခံခဲ့ရမှု ရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
မဟာ
#MeKongNews
#ဓနု
#စစ်ကောင်စီတပ်
#ကားချောဆွဲ
#DSNDA








