မဲခေါင်၊ ဧပြီ ၁၂
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁) တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးစိုးမင်းမှာ လူကုန်ကူးပွဲစားများထံမှ လိုင်းကြေးရယူခြင်း၊ နယ်စပ်မှ ထွက်ခွာသူများထံမှ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ပြီး ရလာသည့် ငွေဖြင့် တာချီလိတ်မြို့နှင့် မန္တလေးမြို့နယ်အတွင်း မြေကွက်များစွာ ဝယ်ယူထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ရဲမှူးစိုးမင်းသည် တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများသို့ ပွဲစားများထံမှ လိုင်းကြေးများရယူခြင်း၊ နယ်စပ်ဖြတ်ကျော်ကာ တဖက်နိုင်ငံသို့ သွားရောက်မည့်သူများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံခြင်းအပြင် နည်းမျိုးစုံဖြင့် ငွေကြေးတောင်းခံရာတွင် နာမည်ကြီးသူဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဝှေလေလန် (အာခါ)ရွာနှင့် မန္တလေးမြို့နယ်အတွင်း မြေကွက်များစွာ ဝယ်ယူထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အရင်က တာချီလိတ်လူကုန်တားက ရဲတွေက ကူညီတတ်တယ်ဆိုပြီးနာမည်ရတယ်။ အာဏာသိမ်းပြီး ပြောင်းလာတဲ့လူတွေကတော့ နာမည်ထွက်တယ်။ အတောင်းအရမ်းကြမ်းတယ်။ အခုတစ်ယောက်က ရောက်ပြီးမကြာဘူး နေပြည်တော်၊ နိုင်ငံခြားရေးဌာနမှာ လုပ်နေတဲ့ သူ့သမီးကို လိုင်စင်နဲ့ကားတစ်စီးဝယ်ပေးလိုက်တယ်။ မြေကွက်တွေလည်းအများကြီးပဲဝယ်ထားတာ” ဟု ၎င်းကပြောသည်။
တာချီလိတ် လူကုန်တားတပ်ဖွဲ့မှာ လာအိုနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်သူများထံမှလည်း အကြောင်းအမျိုးမျိုးပြတာ ယခင်ထက် ငွေကြေးပိုမိုတောင်းခံလာကြောင်း၊ ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းလုပ်ငန်းများပိတ်ထားရသည့်အတွက် ထိုင်းနှင့် တရုတ်လူမျိုးများထံမှ လာဘ်ငွေရရှိမှု နည်းသွားချိန်တွင် မြန်မာအချင်းချင်း ပိုမိုတောင်းခံလာခြင်းဖြစ်ကြောင်း တာချီလိတ် လူကုန်တားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းအပြင် တာချီလိတ်လေဆိပ်တွင် တာဝန်ကျသည့် လူကုန်တားရဲနှင့် လဝကတို့ ပေါင်းကာ ခရီးသွားများထံမှ ငွေကြောင်းတေင်းခံမှုများလုပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#တာချီလိတ်
#လူကုန်တား
#လာဘ်ငွေ
#လာအိုနိုင်ငံ








