မဲခေါင်၊ ဧပြီ ၁၁
နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးလုပ်နေခြင်းဖြစ်ပြီး တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လုပ်ဆောင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အင်းလေးသို့ ရောက်စဥ် ယနေ့ (ဧပြီ ၁၁) တွင် ပြောသည်။
တောင်ကြီးမြို့ အထင်ကရ ရွှေဘုန်းပွင့်စေတီ ထီးတော်တင်ပွဲသွားရောက်ပြီးနောက် ငလျင်ဒဏ်သင့် အင်းလေးဒေသသို့ သွားကြည့်ခဲ့သည့် စစ်ခေါင်းဆောင်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ ယမန်နေ့က ရောက်ရှိနေသည့် စစ်ခေါင်းဆောင်ကြောင့် လုံခြုံရေးများလည်း တင်းကြပ်ထားသည်။ ရွှေဘုန်းပွင့်စေတီ ထီးတင်ပွဲပြုလုပ်ရန် စစ်ခေါင်းဆောင်က မတ်လအတွင်းကပင် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ပြင်းထန်ငလျင်ဒဏ် ခံရသော်လည်း ဘုရားထီးတင်ပွဲအား မပျက်မကွက် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဘုရင်းထီးတင်ပွဲပြီးနောက် ငလျင်ဒဏ်ခံရသည့် အင်းလေးဒေသသို့ လမ်းကြုံသွားကြည့်ခဲ့ခြင်းဖြစ်သည်။ အင်းလေးဖောင်တော်ဦးဘုရားကိုလည်း ဝင်ရောက်ဖူးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ခံရသည့် အင်းလေးဒေသရှိပြည်သူများ ဆေးလိပ်၊ အရက်နှင့် ကွမ်းမစားကြရန်လည်း တိုက်တွန်းခဲ့ပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သေးသည်။
အင်းလေးဒေသသို့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင် ငလျင်လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်းက သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမူ ဘုရားထီးတင်ပွဲ လမ်းကြုံသွားကြည့်ခြင်း ဖြစ်သည်။
ဒုတိယစစ်ခေါင်းဆောင် စိုးဝင် အင်းလေးဒေသသို့ ရောက်ရှိစဥ်က ကြက်ဥနှင့်ခေါက်ဆွဲခြောက်များ ထောက်ပံ့ခဲ့သေးသည်။
#MeKongNews
#အင်းလေး
#စစ်ကောင်စီ
#မင်းအောင်လှိုင်
#ရှမ်းတောင်
#နိုင်ငံရေး
#ထီးတင်ပွဲ








