မဲခေါင်၊ ဧပြီ ၁၀
ဖက်နှင့်ထုတ်ထားသည့် ထမင်းထုတ်အတွင်းမှ ထမင်းများတွင် မှိုဟုယူဆရသည့် အစိမ်းရောင်အရာများ ကပ်နေသည့် ဓာတ်ပုံဟောင်းတစ်ပုံကို အသုံးပြုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လူမျိုးရေးအမုန်းတရားများ ဖန်တီးရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
PNO လော်ဘီစာမျက်နှာများဖြစ်သည့် အထူးဒေသ ၆ – ခမ်းသားငေါဝ်း Burmese Version၊ PA-O PAY နှင့် SAN AUNG ဖေ့စ်ဘွတ်စာမျက်နှာများမှ ယင်းဓာတ်ပုံကို အသုံးပြုပြီး “အင်းလေးဒေသအတွင်း တိုက်ပွဲမဖြစ်ပွားစေရန် PNO/PNA မှ တားဆီးကာကွယ်ပေးသော်လည်း အင်းသားများမှ PNO/PNA အတွက် ထမင်းထုပ်ပို့ပေးရာတွင် အဆိပ်ထည့်၍ ပို့ပေးကြောင်း၊ အင်းလေးဒေသသို့ PNO/PNA များက သွားရောက်ကူညီကြကြောင်း၊ သို့သော်အင်းသားများက အဆိပ်ပါသည့် ထမင်းထုပ်ပို့ပေးကြောင်း” ပအိုဝ်းဘာသာဖြင့် ရေးသာကာ ဧပြီလ ၇ ရက်က ဖြန့်ဝေနေခြင်းဖြစ်သည်။
ယင်းလော်ဘီစာမျက်နှာများမှ ဖြန့်ဝေသည့် လူမျိုးရေးအမုန်းတရား ဖြစ်စေမည့် သတင်းမှားများကို PNO အကောင့်တုများဖြင့် ပအိုဝ်းလူမျိုးများ အများဆုံးရှိသည့် Facebook Group များနှင့် ၎င်းတို့၏ အကောင့်များတွင် အများအပြား ပြန်လည်မျှဝေနေသည်ကို တွေ့ရသည်။
ဓာတ်ပုံတိုက်ဆိုင်စစ်ဆေးချက်များအရ ယင်းဓာတ်ပုံမှာ လွန်ခဲ့သည့် ၄နှစ်ကတည်းက “ပအိုဝ်းဌာနေ ဖာမွန်းမြေ” ဖေ့စ်ဘွတ် စာမျက်နှာက တင်ထားကြောင့် Google မှ ပြသခဲ့သလို PNO/PNA အနေဖြင့် အင်းလေးဒေသအတွင်းသို့ သွားရောက်ကူညီမှု လုံးဝမရှိခဲ့ကြောင်း၊ အင်းလေးဒေသသို့ ကူညီရန် မဆိုထားနှင့် ပအိုဝ်းကျေးရွာများတွင်ပင် ကူညီသည်ကို မတွေ့ရကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
“ကူညီတယ်ဆိုတာလည်း ပအိုဝ်းပြည်သူတွေပဲ ကူညီတာဖြစ်ပါတယ်။ ထမင်းထုပ်ဆိုရင်လည်း အင်းသားတွေက ထမင်းထုတ်ပေးရတာ မရှိပါဘူး။ ပအိုဝ်းရွာတွေကပဲပေးရတာ ဖြစ်ပါတယ်။ အခုက ပုံအဟောင်းကို ပြန်တင်ပြီးမှ တမင်သက်သက်ပြသနာ ဖန်တီးတဲ့ ပုံစံပါ” ဟု ၎င်းကပြောသည်။
ပအိုဝ်းလူငယ်အများအပြားကလည်း ယင်းသို့ လူမျိုးရေးအမုန်းတရားဖန်တီးသည့်လုပ်ရပ်ကို ရှုတ်ချကန့်ကွက်ထားပြီး လူမျိုးရေးပြသနာဖြစ်၊ စစ်ပွဲများဖြစ်နေမှသာ ပအိုဝ်းကျေးရွာများမှ ငွေတောင်းကောင်းမည်ဖြစ်သည့်အတွက် ငွေအလကားလိုချင်သည့်စိတ်ဖြင့် ယင်းသို့ဖန်တီးနေခြင်းဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။
#MeKongNews
#PNO
#လူမျိုးရေး
#အမုန်းတရား
#သတင်းတု
#သတင်းမှား








