မဲခေါင်၊ ဧပြီ ၉
UWSA ထိန်းချုပ်ရာ “ဝ” ဒေသအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေကောက်ခံရာ တစ်ပတ်အတွင်း ယွမ် ၁.၅ သန်းကျော် (မြန်မာငွေကျပ် သန်း ၉၅၀ ခန့်) ကောက်ခံရရှိကြောင်း “ဝ” ပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသမီးရေးရာဌာနက ယနေ့ ဧပြီလ ၉ရက်တွင် ထုတ်ပြန်သည်။
အလှူငွေများမှာ မတ်လ ၃၁ရက်မှ ဧပြီလ၆ ရက်နေ့အထိ တစ်ပတ်အတွင်း ကောက်ခံရရှိခဲ့သည့် စာရင်းဖြစ်ပြီး မတ်လ ၃၁ ရက်တွင် ယွမ် ၁သိန်း၂သောင်းကျာ်၊ ဧပြီ ၁ ရက်တွင် ယွမ် ၂သိန်းကျော်၊ ဧပြီ ၂ ရက်တွင် ယွမ် ၅သိန်းကျော်၊ ဧပြီ ၃ ရက်တွင် ယွမ် ၃သိန်း၁သောင်းကျော်၊ ဧပြီ ၄ ရက်တွင် ယွမ် ၂သိန်းကျော်၊ ဧပြီ ၅ ရက်တွင် ယွမ် ၁သိန်း ၆သောင်းကျော်နှင့် ဧပြီ ၆ရက်တွင် ယွမ် ၅သောင်းကျော် ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။
အလှူငွေများထည့်ဝင်ရာတွင် ဟိုပန်၊ ပန်ဆန်း၊ မိုင်းပေါက်မြို့ရှိ ကျောင်းနေ ကလေးသူငယ်များပါ ပါဝင်လှူဒါန်းခဲ့ကြောင်း၊ “ဝ” ဒေသ ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့က “မြန်မာ့ ၃.၂၈ ငလျင်” အတွက် ရန်ပုံငွေ ကောက်ခံခြင်း UWSA – “ဝ” ဗဟို အဆိုပြုချက်” ခေါင်းစဥ်နှင့်မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
ပြည်နယ်အတွင်း ကောက်ခံရရှိသည့်အလှူငွေတွေ အားလုံးကို အမျိုးသမီးရေးရာဌာနမှ တဆင့် သက်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများသို့ ပေးလှူသွားမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်က ရန်ပုံငွေနှင့်ပတ်သက်ပြီး “ဝ” ပြည်၊ ဗဟိုအဆိုပြုချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA တပ်ဖွဲ့မှလည်း ကျပ်သန်း (၂၀၀၀) ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၉ရက်နေ့ကထုတ် ပြန်ထားသည်။
လှူဒါန်းမှုအခြေအနေများကို “ဝ”ပြည်နယ် ပြန်ကြားရေးနှင့် ရုပ်မြင်သံကြား၊ မီဒီယာမှတဆင့် အပြည့်အစုံဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ပန်ဆန်း
#မိုင်းပေါက်
#စစ်ကိုင်းငလျင်
#အလှူငွေ








